တောင်ငူတွင် ကျပ်သိန်း ၃ သောင်းခန့် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
March 15, 2019
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှာ မတ် ၁၃ ရက်နေ့က ငွေကျပ် သိန်း ၃ သောင်းလောက် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
မတ် ၁၃ ရက် ၀၀း၂၀ အချိန်က အမှတ် ၃ တောင်ငူနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ တောင်ငူမြို့ ၄ မိုင် စစ်ဆေးရေးဂိတ်မှာ ထွန်းထွန်းလင်း မောင်းနှင်ပြီး စိန်လွင်ဦး လိုက်ပါလာတဲ့ HINO အမျိုးအစား ၆ ဘီး မော်တော်ယာဉ်ကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသွားလို့ ပိတ်ဆို့ရှာဖွေရာ သပြေလှကျေးရွာအနီး ထွန်းထွန်းလင်းအား မော်တော်ယာဉ်နဲ့အတူ တွေ့ရပြီး စိန်လွင်ဦးမှာတော့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်။
မော်တော်ယာဉ်ကို ရှာဖွေရာမှာ ပီနံအိတ် ၃ အိတ်အတွင်းမှ ငွေကျပ်သိန်း ၂၈,၉၅၇ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၆၅,၂၅၀ ပြား၊ ငွေ ၉၀,၀၀၀ ကျပ်နဲ့ လက်ကိုင်ဖုန်းတလုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ထွန်းထွန်းလင်းနဲ့ စိန်လွင်ဦး (ဖမ်းမမိ) တို့အား မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။