ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ညောင်ရွာမီးလောင်ကျွမ်းမှု သွားရောက်စစ်ဆေးကြည့်ရှု
DVB
·
March 10, 2019
အိမ်ခြေ ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တဲ့ ပန်းလှိုင်ဂေါက်ကွင်းအနီး ညောင်ရွာ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာနေရာကို ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း သွားရောက်စစ်ဆေးခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ ပန်းလှိုင်ဂေါက်ကွင်းအနီး ပန်းလှိုင်လမ်းမကြီး နဲ့ ညောင်ရွာ ပိတောက်ဈေးလမ်းမ ဓာတ်ဆီဆိုင်မှာ မတ်လ ၉ ရက်နေ့ ညနေ ၃ နာရီ ပတ်ဝန်းကျင်းလောက်က ဝရိန်ဆော်ရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး နေအိမ် ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တာပါ။
မီးလောင်မှုဖြစ်ပွားရာနေကို ဝန်ကြီးချုပ်က မနေ့ ညနေပိုင်းက သွားရောက်ကြည့်ရှုခဲ့ပြီး မီးဘေးသင့်ပြည်သူတွေအတွက် စားသောက်နေထိုင်ရေး အဆင်ပြေစေဖို့ လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက သတင်းထုတ်ပြန်ပါတယ်။
အိမ်မီးလောင်ပျက်စီးသွားတဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေအတွက် ရပ်ကွက်အနီးက အောင်မင်္ဂလာဘုန်းကြီးကျောင်းမှာ မီးဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။