မျက်နှာမဲကြီးရဲ့ကျိန်စာ စုံစမ်းဖော်ထုတ်မှတ်တမ်းရုပ်ရှင် မိတ်ဆက်
DVB
·
March 9, 2019
မြန်မာပြည်ရဲ့ ကျောက်မီးသွေး စွမ်းအင်သုံးစွဲနေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ရိုက်ကူးထားတဲ့ မျက်နှာမဲကြီးရဲ့ကျိန်စာ စုံစမ်းဖော်ထုတ်မှတ်တမ်းရုပ်ရှင် မိတ်ဆက်ပွဲကို မတ်လ ၉ ရက်နေ့က orchid hotel မှာ ပြုလုပ်ခဲ့ပါတယ်။
မြန်မာပြည်မှာရှိနေတဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အခြေအနေ၊ ရန်ကုန်မြို့က ကျောက်မီးသွေး အသုံးပြုပြီး လည်ပတ်နေတဲ့ စက်ရုံတွေရဲ့အခြေအနေနဲ့ တီကျစ်ဒေသမှာရှိနေတဲ့ ကျောက်မီးသွေးစက်ရုံရဲ့အခြေအနေတွေကို အဓိကထား ရိုက်ကူးထားတာပါ။
ဒီဇာတ်ကားကို ကြည့်လိုက်ရင် မြန်မာပြည်က ပြည်သူတွေဟာ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ ကုမ္ပဏီတွေကြောင့် ဘယ်လောက်ထိခိုက်နစ်နာပြီး ဒေသခံလူထုတွေအနေနဲ့ ဘာတွေခံစားနေရပြီး ဒါတွေကို အစိုးရအနေနဲ့ သေသေချာချာ စဉ်းစားသုံးသပ်သင့်တယ်၊ မှန်တဲ့ဘက်က ရပ်တည်သင့်တယ်၊ လက်ရှိလည်ပတ်နေတဲ့ စီမံကိန်းတွေကို ပြန်လည်သုံးသပ်ပေးသင့်တယ်လို့ ဒီမှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးတဲ့ ဒါရိုက်တာ ဉာဏ်ကြီးက ပြောပါတယ်။
မျက်နှာမဲကြီးရဲ့ကျိန်စာ မှတ်တမ်းရုပ်ရှင်ကို ၈ လကျော်ကြာ အချိန်ယူရိုက်ကူးခဲ့ရပြီး မိနစ် ၄၀ ကျော်စာရှိတဲ့ ဒီရုပ်ရှင်ကို မဇ္ဈိမရုပ်သံလိုင်းမှာ မတ်လ ၁၀ ရက်နေ့ကနေ စတင်ပြီး အပိုင်းလိုက်ပြသသွားမှာပါ။