အငြင်းပွားမြေပေါ်နေထိုင်သည့် တောင်သူမိသားစု ၆ ဦးကို စွဲချက်တင် အမိန့်ချ
DVB
·
March 8, 2019
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် သံလျှက်မော်အနောက်ရပ်ကွက် ချော်ဆိပ်ရပ်က အငြင်းပွားမှု ဖြစ်ပေါ်နေတဲ့ မြေကွက်အမှတ် ၃၇၀၊ နှစ်ဧကခွဲကျော်ပေါ်မှာ နေထိုင်ကြတဲ့ တောင်သူမိသားစု ၆ ဦးကို မဟာအောင်မြေမြို့နယ် တရားရုံးက ပုဒ်မ ၅ခုနဲ့ မနေ့က စွဲချက်တင် အမိန့်ချမှတ်ခဲ့ပါတယ်။
ဖမ်းဆီးခံတောင်သူ ဦးပေါက်စက“ဘာအမိန့်စာမှလည်း မပါဘဲ တရားစွဲတယ်။ ကျနော်တို့ပြည်သူတွေက မတရားသဖြင့် ခံနေရတာပါ။ အစိုးရအဖွဲ့ရုံးက အကြောင်းပြန်စာလည်း ရှိတယ်၊ နိုင်ငံတော်သမ္မတ အကြောင်းပြန်စာလည်း ရှိတယ်။ ကျနော်တို့က လမ်းစီမံကိန်း ပိုလျှံမြေကိုပဲ ပြန်တောင်းနေတာ၊ ခုထိလည်း မြေကွက်လပ်ကြီး။ အရင်ကစွဲထားတဲ့ ၄၄၇ အမှုမှာလည်း ကျနော်တို့ အပြစ်မရှိဘူးဆိုပြီး တရားရုံးက ဆုံးဖြတ်ပြီးပြီ။ ဒီနေ့ တရားစွဲ အမိန့်ချတာဟာ မတရားဘူး။ ကျနော်တို့ မကျေနပ်ဘူး” လို့ ပြောပါတယ်။
တရားလွှတ်တော်ရှေ့နေ ကိုမျိုးမင်းဇော်ကလည်း ခုလို တောင်သူတွေ စွဲချက်တင်ခံရတာနဲ့ ပတ်သက်ပြီး ဥပဒေနဲ့ မညီညွတ်ဘူးလို့ သုံးသပ်ပြောပါတယ်။
“တရားရုံးက ဖျက်မိန့်တွေပြပြီးမှ လုပ်ရမယ့်ဟာပါ။ ဦးပေါက်စတို့က တရားဝင် လက်ရှိနေတဲ့ဟာကိုမှ လာပြီးဖျက်တာကတော့ ၄၄၀ ပုဒ်မအရ သူတို့ဟာ ကြိုတင်ကြံစည်ထားတာ လုံးဝမရှိဘူး၊ တာဝန်ဝတ္တရား နှောင့်ယှက်တယ်လို့ ပြောရအောင် သူတို့ဟာ ဘာအထောက်အထားမှ မပါတဲ့ဟာ ရေကြောင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖျက်ခဲ့တာကို တာဝန်ဝတ္တရား နှောင့်ယှက်တယ်လို့ ပြောလို့မရဘူး။ ဒါနဲ့ပတ်သက်ပြီး ဥပဒေက မညီညွတ်ဘူး။”
အငြင်းပွား မြေယာပေါ်မှာ နေထိုင်ကြတဲ့ တောင်သူ ဦးပေါက်စ အပါအဝင် ၆ ဦးကို ပုဒ်မ ၃၃၂/၄၄၀/၂၉၄/၁၁၄/၁၈၉ တို့နဲ့ ရေကြောင်းရဲတပ်ဖွဲ့က တရားစွဲဆိုထားတာပါ။
ဦးပေါက်စ၊ ဒေါ်တင်ဌေး၊ ဒေါ်ခိုင်ဇာဝင်းတို့ သုံးဦးကို ပုဒ်မ ၄၄၀ (ကြိုတင်ကြံစည်မှု)၊ ၁၁၄ (အားပေးကူညီမှု)၊ ၃၃၂ (တာဝန်ဝတ္တရားနှောင့်ယှက်မှု)၊ ကိုမင်းမင်းခိုင်နဲ့ ကိုမိုးသီးတို့ကို ပုဒ်မ ၄၄၀၊ ၃၃၂၊ ၂၉၄ (ဆဲဆိုမှု)၊ ၁၈၉ (တာဝန်ထမ်းဆောင်ချိန်မှာ ခြိမ်းခြောက်မှု)၊ ဒေါ်မြင့်မြင့်စန်းကို ပုဒ်မ ၄၄၀/၃၃၂ တို့နဲ့ စွဲချက်တင် အမိန့်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
အငြင်းပွားမြေဟာ ၁၉၉၅ ခုနှစ်က ကမ်းနားလမ်း ဖောက်လုပ်ဖို့အတွက် ရည်ရွယ် သိမ်းဆည်းခဲ့တဲ့မြေဖြစ်ပြီး အရင်က တောင်သူ ဦးပေါက်စတို့ပိုင်ဖြစ်ကာ ကောက်ပဲသီးနှံတွေကို ရာသီအလိုက် စိုက်ပျိုးခဲ့ပြီး မြေယာအခွန်ပြေစာတွေလည်း လက်ဝယ်ရှိကြသူ ဖြစ်ပါတယ်။
တောင်သူ ဦးပေါက်စအနေနဲ့ မိမိမြေကို ပြန်လည်ရရှိဖို့ နိုင်ငံတော်သမ္မတ အပါအဝင် ဝန်ကြီးဌာန အဆင့်ဆင့်ကို တင်ပြတောင်းခံခဲ့ပေမယ့် ၂၀၁၅ ခုနှစ်ထဲမှာ ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) အမည်နဲ့ ဂရန်ပေါက် ဖြစ်လာခဲ့ပါတယ်။
သူတို့ ၆ ဦးကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၀ ရက်က ဖမ်းဆီးခဲ့ပြီး ဒီအမှုနဲ့ပတ်သက်လို့ တရားလိုအနေနဲ့ သက်သေအယောက် ၂၀ ကျော် တင်ထားကာ တရားလိုပြသက်သေအားလုံး စစ်ဆေးပြီးဖြစ်တဲ့အတွက် စွဲချက်တင် အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။