Homeမြန်မာသတင်း
တစ်သျှူးငှက်ပျောစိုက်ပျိုးရေး လူ ၂ သိန်း အလုပ်ရသဖြင့် အရေးမယူခဲ့ဟု ကချင်ဝန်ကြီးချုပ်ပြော
တစ်သျှူးငှက်ပျောစိုက်ပျိုးရေး လူ ၂ သိန်း အလုပ်ရသဖြင့် အရေးမယူခဲ့ဟု ကချင်ဝန်ကြီးချုပ်ပြော
DVB
·
March 8, 2019
ကချင်ပြည်နယ်သားများသာမက တနိုင်ငံလုံးက ပြည်သူလူထု နှစ်သိန်းကျော်အတွက် အလုပ်အကိုင်တွေ ရရှိတဲ့အတွက် တစ်သျှူးငှက်ပျော စိုက်ပျိုးတာကို အရေးမယူခဲ့ဘဲ လမ်းကြောင်းတည့်ပေးခဲ့တယ်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။
မိုးညှင်းမြို့ရှိ မြို့တော်ခန်းမမှာ မတ်လ ၃ ရက် မနက်က ကျင်းပခဲ့တဲ့ လူထုတွေ့ဆုံပွဲမှာ ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောဆိုခဲ့တာပါ။
“အရင်အစိုးရ လက်ထက်ကတည်းက ဘိန်းအစားထိုးဆိုပြီး တစ်သျှူးငှက်ပျောကို စိုက်ခဲ့ကြတယ်။ ပြည်သူတွေကလည်း တစ်သျှူးငှက်ပျောက ပိုးသတ်ဆေး အလွန်အကျွံသုံးတယ်။ ဓာတ်မြေသြဇာ အလွန်အကျွံသုံးတယ်ဆိုပြီး ပြောဆိုနေကြတယ်။ တရုတ်က ကချင်ပြည်နယ်မှာ စိုက်တဲ့ တစ်သျှူးငှက်ပျောကို ယူနန်ပြည်နယ်မှာ စိုက်တယ်ဆိုပြီး ၈ နိုင်ငံကိုပို့တယ်။ အဲ့လိုပို့တဲ့အခါမှာ ပိုးသတ်ဆေး ပိုသုံးတယ်။ ဓာတ်မြေသြဇာ ပိုသုံးတယ်လို့ စစ်ဆေးတွေ့ရှိရင် ဧကသုံးထောင်ပဲစိုက်စိုက် လေးထောင်ပဲစိုက်စိုက် ဘယ်နိုင်ငံမှ လက်ခံမှာမဟုတ်ပါဘူး။ ပြည်သူတွေက စိုးရိမ်ကြတာပါ” လို့ ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။
ကချင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံဖို့ ထိုင်း၊ ကိုရီးယား၊ အမေရိကန် ကုမ္ပဏီတွေကို ဖိတ်ခေါ်ခဲ့ပေမယ့် ကချင်ပြည်နယ်မှာ နယ်မြေငြိမ်းချမ်းရေး မတည်ငြိမ်တဲ့အတွက်ကြောင့် ပြင်ပက ရင်းနှီးမြှုပ်နှံမှု မရှိကြောင်းလည်း ဝန်ကြီးချုပ်က ပြောပါတယ်။
ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံကသာ ရင်းနှီးမြှုပ်နှံနေတာဖြစ်ပြီး တရုတ်နိုင်ငံကို တင်ပို့တဲ့ ဖရဲသီးနဲ့ တစ်သျှူးငှက်ပျော ထွက်ကုန်ကနေ ဒေါ်လာသိန်းပေါင်း ၆၀၊ ၇၀ နိုင်ငံခြားဝင်ငွေ ရရှိနေတယ်လို့လည်း ဝန်ကြီးချုပ်က ဆိုပါတယ်။
တစ်သျှူးငှက်ပျော စိုက်ပျိုးတာနဲ့ ဆက်နွှယ်ပြီး သတင်းရေးခဲ့တဲ့ ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားဂျာနယ် သတင်းထောက်နှစ်ဦးကို ကုမ္ပဏီတခုက ခေါ်ဆောင်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုနဲ့ မြစ်ကြီးနားသတင်းဂျာနယ်က ကုမ္ပဏီကို တရားစွဲထားပါတယ်။
သတင်း - ခင်သန်းညွန့်