အမျိုးသမီးအခွင့်အရေးအတွက် မကွေးတိုင်း၊ ကြာကန်ရွာတွင် ပထမဆုံးအကြိမ်ဆန္ဒပြ
နော်နိုရင်း
·
March 7, 2019
နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ်အနေနဲ့ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကြာကန်ရွာမှာ အမျိုးသမီးအခွင့်အရေးတောင်းဆို ဆန္ဒပြပွဲကို ပထမဆုံးအကြိမ်ကျင်းပပါတယ်။
ဒီနေ့မနက်က ကြာကန်ရွာမှာ ဒေသခံအမျိုးသမီးတွေ စုပေါင်းပြီး အမျိုးသမီးတွေရဲ့ လူမှုဘ၀လုံခြုံရေး၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကနေ ကာကွယ်ပေးရေးနဲ့ ကျေးလက်နေ အမျိုးသမီးတွေရဲ့ ၀င်ငွေရရှိရေး ဆောင်ရွက်ပေးဖို့ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ပွဲဖြစ်မြောက်ရေး ဦးဆောင်ကျင်းပတဲ့ ကျေးလက်မြေအဖွဲ့က ဒါရိုက်တာမမူဆဲက “ အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချတဲ့ နေရာနဲ့ ခေါင်းဆောင်မှုထဲမှာ ပါဝင်ဖို့၊ မူဝါဒရေးရာရေးဆွဲတဲ့အချိန်မှာ အမျိုးသမီးတွေပါဝင်ဖို့၊ ငြိမ်းချမ်းရေး ကဏ္ဍ ၅ ခုစလုံးမှာ အမျိုးသမီးတွေပါဝင်ဖို့ စတဲ့အမျိုးသမီးနဲ့ သက်ဆိုင်တဲ့ အမျိုသမီးဖွံ့ဖြိုးရေး၊ လုံခြုံရေး၊ စီးပွားရေးအခွင့်အလမ်းရရှိရေး စတဲ့ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး လမ်းလျှောက်ချီတက်ခဲ့ ကြတယ်” လို့ ပြောပါတယ်။
မတ်လ ၈ ရက်နေ့ဟာ နိုင်ငံတကာ အမျိုးသမီးများနေ့ဖြစ်ပြီး အမျိုးသမီးတွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ လူမှုနယ်ပယ် အသီးသီးမှာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ အရိုးစွဲယုံကြည်ချက်ကြောင့် အမျိုးသမီးတွေအပေါ်ခွဲခြားဖိနှိပ် အနိုင်ကျင့်မှုတွေကနေ လွတ်မြောက်ဖို့နဲ့ ကျားမတန်းတူ အခွင့်အရေးရရှိဖို့ ရည်ရွယ် ကျင်းပလာတာ နှစ်ပေါင်း ၁၀၀ ကျော်ရှိလာပြီ ဖြစ်ပါတယ်။