ကိုကိုးကျွန်းအနီး စစ်ရေးလေ့ကျင့်မည်၊ သင်္ဘောနှင့် လေယာဉ်များ မဖြတ်သန်းရန် သတိပေး
DVB
·
February 28, 2019
ကိုကိုးကျွန်းအနီး ပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်ဖို့ ရှိနေတဲ့အတွက် သင်္ဘောတွေနဲ့ လေယာဉ်ပျံတွေ ဖြတ်ကျော်ပျံသန်းတာ မပြုလုပ်ကြဖို့ တပ်မတော်က သတိပေး ကြေညာထားပါတယ်။
တပ်မတော်(ရေ) စစ်ရေယာဉ်တွေဟာ မတ်လ ၃ ရက်ကနေ ၁၈ ရက်အထိ ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်းနဲ့ လက်နက်တွေ လေ့ကျင့်ပစ်ခတ်တာတွေကို ကိုကိုးကျွန်းအနီး ရေပြင်မှာ လုပ်ဆောင်ဖို့ ရှိနေတာပါ။
လေ့ကျင့်ခန်းဧရိယာအဖြစ် Point AA မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၀ မိနစ်၊ Point BB မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၀ မိနစ်၊ Point CC မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၀ မိနစ်၊ Point DD မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၀ မိနစ်စတဲ့ Coordinates အမှတ်တွေကို ဆက်ဆွဲထားတဲ့ ဧရိယာကို သတ်မှတ်ထားပါတယ်။
ဒါ့ကြောင့် လေ့ကျင့်ခန်းဆောင်ရွက်စဉ် ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေဖို့ အဆိုပါဧရိယာမှ ၅ မိုင်ပတ်လည်မှာ သင်္ဘောကြီး/ငယ်တွေ၊ ကုန်တင်/စက်လှေ၊ ငါးဖမ်းသင်္ဘောနဲ့ စက်တပ်သမ္ဗန်တွေ ဖြတ်သန်းသွားလာ ကျောက်ချရပ်နားတာ မလုပ်ဖို့နဲ့ လေယာဉ်၊ ရဟတ်ယာဉ်တွေ အမြင့်ပေ ၁၅၀၀၀ အောက် ဖြတ်ကျော်ပျံသန်းတာ မလုပ်ကြဖို့ အသိပေး ကြေညာထားပါတယ်။