ပဲပုတ်အထွက်နှုန်းတိုးရေး စိုက်ပျိုးထုတ်လုပ်မှုနည်းပညာ မိုးညှင်းတောင်သူများကို သင်ကြား
DVB
·
February 24, 2019
ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ပဲပုတ်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုနည်းပညာ သင်တန်းကို မိုးညှင်းမြို့နယ်စိုက်ပျိုးရေးသုသေသနခြံမှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
အထွက်နှုန်းတိုးအောင် စက်နဲ့မျိုးချစိုက်နည်းစနစ်ကို သုသေသနစိုက်ပျိုးပြီး တောင်သူတွေ လက်တွေ့လေ့လာနိုင်ဖို့ ကူညီသင်ကြားပေးတာလို့ ဒါရိုက်တာညွှန်ကြားရေးမှူး မစ္စတာကင်ဒေးဟိုက ပြောပါတယ်။
ပဲပုတ်စိုက်တောင်သူဦးအောင်ငွေက “ကိုရီးယားနည်း စီဒါအစေ့ချစက်နှင့် စိုက်ပျိုးခြင်းဟာ တောင်သူများ မိရိုးဖလာ ကျဲချစိုက်ပျိုးနည်းထက် စရိတ်သက်သာပြီး တဧကကို ပဲပုတ်အထွက်နှုန်း ၅ တင်းမှ ၇ တင်းအထိ ထွက်နှုန်းပိုလာတယ်”လို့ ပြောပါတယ်။
မိုးညှင်းမြို့နယ်မှာ ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ပဲပုတ်သီးနှံစက်နဲ့ စိုက်ပျိုးတဲ့ စနစ်ကိုကျယ်ပြန့်အောင်လုပ်ဆောင်ပြီး ၂၀၂၀ ပြည့်နှစ်မှာ ထွက်ရှိတဲ့ ပဲပုတ်ကို အဆင့်မြင့်စားသောက်ကုန် ပြန်ထုတ်ပြီး နိုင်ငံခြားအိပ်စ်ပို့လုပ်မယ့် စနစ်အထိ နည်းပညာ ကူညီပေးသွားမယ်လို့ မစ္စတာကင်ဒေးဟိုက ပြောပါတယ်။
ပဲပုတ်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုနည်းပညာသင်တန်းကို စိုက်ပျိုးရေး သုသေသန ဦးစီးဌာနနဲ့ ကိုးရီးယားနိုင်ငံက ပီအာမြန်မာစင်တာတို့ ပူးပေါင်းပြီး ပြုလုပ်ခဲ့တာဖြစ်ပြီး ပဲပုတ်တောင်သူတွေနဲ့ လေ့လာသူဝန်ထမ်း စုစုပေါင်း ၈၀ လောက် တက်ရောက်ခဲ့ကြပါတယ်။
မိုးညှင်းမြို့နယ်က အင်းတော်ကြီးဒေသ၊ ဟိုပင်ဒေသတို့မှာ ၂၀၁၀ ခုနောက်ပိုင်း ပဲပုတ်စိုက်ဧက ၃၀၀၀ လောက်ရှိတယ်လို့ မိုးညှင်းမြို့နယ် စိုက်ပျိုးရေးအရာရှိထံမှ သိရပါတယ်။
သတင်း - မုန်းမုန်းမင်း