သာစည်တွင် အိမ်သာကျင်းထဲ ဆိုင်ကယ်သော့ဆင်းကောက်ရာမှ ၁ ဦးသေဆုံး
DVB
·
February 23, 2019
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ဘုရားငါးဆူရွာမှာ ဖေဖော်ဝါရီ ၂၂ရက်ညက အိမ်သာကျင်းထဲကျသွားတဲ့ ဆိုင်ကယ်သော့အား ကောက်ရာမှာ ၁ ဦး သေဆုံးပြီး အမျိုးသား၁ဦး မေ့မြောခဲ့တယ်လို့ သာစည်မြို့မရဲစခန်းက ပြောပါတယ်။
သာစည်မြို့မရဲစခန်း တာဝန်ကျရဲအရာရှိက "အသက်ရှူကျပ် အောက်ဆီဂျင်ပြတ်ပြီး ဖြစ်ကုန်တာပါ။ အမျိုးသား ၁ ဦးကတော့ သေဆုံးသွားတယ်၊ သာစည်ဆေးရုံ ပို့ပေးတယ်၊ အမျိုးသား ၁ ဦးကတော့ စိုးရိမ်ရလို့ သာစည်ဆေးရုံက ပြောင်းရွှေ့ပြီး မိတ္ထီလာဆေးရုံ ပို့ပေးရတယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။
သာစည်မြို့နယ် မုံပင်ဆုံရွာနေသူ ဦးချမ်းမြ (၄၇နှစ်) က ဘုရားငါးဆူရွာရှိ အိမ်ခြံဆီ ဆိုင်ကယ်နဲ့ အလည်လာရင်း အိမ်သာကျင်းထဲ သော့ကျသွားခဲ့တာကြောင့် ခြံစောင့်လုပ်နေသူ ကျွဲတပ်ဆုံရွာနေ ပြည့်စုံဖြိုးကျော် (၂၄နှစ်) က အိမ်သာကျင်းထဲ ဆင်းဆယ်ရာက ပြန်တက်မလာတောလို့ အော်ဟစ်အကူအညီတောင်းခံရာမှာ ဦးချမ်းမြ ဆက်ဆင်းခဲ့ရာ ၂ ဦးလုံး ပြန်မတက်နိုင် ဖြစ်ခဲ့တာပါ။
ရွာက လူတွေ ရောက်လာပြီး ကူညီကယ်ဆယ်ရာ ဦးချမ်းမြကတော့ မေ့မြောနေပြီး ပြည့်စုံဖြိုးကျော်ကတော့ သေဆုံးသွားပါတယ်။
ဘုရားငါးဆူရွာနေ ဦးသန်းဆောင်က "အိမ်သာကျင်းက အနက် ၁၂ ပေ၊ အကျယ် ၅ ပေ လောက်ရှိတယ်၊ ဝါးကပ် အဖုံးဖုံးထားတာပေါ့။ အဲအဖုံးဖယ်ပြီး ဆင်းလိုက်တာ အညစ်အကြေးက ၂ ပေလောက် နက်နေတယ်။ ရွာကကယ်တဲ့ သူတွေက ခါးကိုကြိုးချီပြီး ခက်ခက်ခဲခဲ ဆယ်ယူရတယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။
ပြည့်စုံဖြိုးကျော် သေဆုံးတာ ဓမ္မတာအတိုင်း ဟုတ်/မဟုတ် သာစည်မြို့မရဲစခန်းက သေမှုသေခင်းဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း