ရုံးစာရေးခန့်ရန် ငွေ ၁၀ သိန်း လာဘ်စားမှုဖြင့် သာယာဝတီ အုပ်ချုပ်ရေးမှူးကို အရေးယူ
DVB
·
February 19, 2019
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွေးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ် အရေးယူထားတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ပါတယ်။
ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေမှာ တာဝန်ထမ်းဆောင်ဖို့ စာရေးရာထူး လျှောက်ထားရာမှာ သာယာဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွေးဟာ ငွေကျပ် ၁၀ သိန်း ရယူခဲ့ပြီး ဝန်ထမ်းခန့်ထားပေးတာ မရှိတဲ့အတွက် အရေးယူပေးဖို့ နစ်နာသူက ကော်မရှင်သို့ တိုင်ကြားခဲ့တဲ့အမှုကို အရေးယူ ဆောင်ရွက်လိုက်တာပါ။
ဒီတိုင်ကြားစာကို ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာမှာ ဦးကျော်မင်းထွေးဟာ သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ လစ်လပ်နေတဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး စာရေးရာထူး ရွေးချယ်ခန့်ဖို့ တိုင်ကြားသူထံကနေ ငွေကျပ် ၁၀ သိန်းကို နေအိမ်မှာ လက်ခံရယူခဲ့တာ စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ကော်မရှင်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှုကို ကျူးလွန်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွေးအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အရေးယူဖို့ သာယာဝတီမြို့မရဲစခန်းမှာ ဖေဖော်ဝါရီ ၁၈ ရက်က ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း ကော်မရှင်က သိရပါတယ်။