မင်းကင်းမြို့နယ်တွင် တောင်သူ ၁ ဦး မိုးကြိုးထိမှန်သေဆုံး
DVB
·
February 18, 2019
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲမှာ မနေ့ညနေက အချိန်အခါမဲ့ မိုးရွာသွန်းစဉ် မြေပဲခင်း လုပ်ငန်းခွင် ဝင်နေတဲ့ အမျိုးသားတဦး မိုးကြိုးထိမှန် သေဆုံးခဲ့တယ်လို့ မင်းကင်းမြို့ ခေတ္တယာယီ စခန်းမှူး ရဲအုပ် ဇော်ဝင်းထွန်းက ပြောပါတယ်။
“မင်းကင်းနယ် ကူလဲရွာနဲ့ တောင်တွင်းချောင် သွားလမ်းဘေး မြေပဲခင်းမှာ ဖြစ်တာ အခန်းမှာ မြေပဲသိမ်းရင်း မိုးကျလို့ မြေပဲတွေကို တဲထဲသိမ်းရင်း မိုးကြိုးထိတာ ဖြစ်တုန်းက မိသားစုအပြင်တခြား လုပ်ဖော်တွေလဲရှိတယ်" လို့ ရဲအုပ်ဇော်ဝင်းထွန်းက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၃၅ နှစ်အရွယ် ကိုအောင်လင်းရွှေ ဖြစ်ပြီး ရင်ဘတ် စုတ်ပြတ်ဒဏ်ရာနဲ့ ခန္ဓာကိုယ် ဘယ်အခြမ်း ညိုမဲဒဏ်ရာတွေ ရခဲ့ပြီး သေဆုံးခဲ့ပါတယ်။
"သေဆုံးသူဟာ အိမ်ထောင်ဦးစီးဖြစ်ပြီး ဇနီးနဲ့ သမီးငယ် နှစ်ဦး ကျန်ခဲ့တာကြောင့် စားဝတ်နေရေးအတွက် လတ်တလော အခက်အခဲကြုံတော့မှာမို့ စေတနာရှင်တွေ တချို့လည်း ကူညီနေပါတယ်" လို့ မင်းကင်းမြို့ လူမှုကူညီရေးဆောင်ရွက်နေတဲ့ ကိုစိုးလင်းမောင်က ဆိုပါတယ်။
သေဆုံးသူဟာ ရင်ဘတ် ဒဏ်ရာအပြင် ဘယ်ဘက်နားမှာလဲ သွေးထွက်ဒဏ်ရာ တွေ့ရပြီး ဆီးခုံ ပေါင်နဲ့ လည်ပင်းတွေမှာလဲ ညိုမဲ ဒဏ်ရာတွေ ရခဲ့ပြီး မင်းကင်းမြို့မရဲစခန်းက သေမှုသေခင်းဖွင့် ဆောင်ရွက်နေပါတယ်။
မင်းရဲစစ်နိုင်