Homeမြန်မာသတင်း
ဗိုလ်ချုပ်ကြေးရုပ်ထားရှိရေး ထောက်ခံသည့်ထုတ်ပြန်ချက် ဗဟိုနှင့်မညှိနှိုင်းခဲ့ဟု ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ၀န်ခံ
ဗိုလ်ချုပ်ကြေးရုပ်ထားရှိရေး ထောက်ခံသည့်ထုတ်ပြန်ချက် ဗဟိုနှင့်မညှိနှိုင်းခဲ့ဟု ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ၀န်ခံ
ပိုင်စိုး
·
February 17, 2019
ကယားပြည်နယ်မှာ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ထားတာကို သဘောတူထောက်ခံတယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို ဗဟိုနဲ့ ညှိနှိုင်းခဲ့တာမရှိဘူးလို့ ကယားပြည်နယ် ပအိုဝ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ဝန်ခံလိုက်ပါတယ်။
မနေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပြီး ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီမှာလည်း ပါဝင်ခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။
ကယားပြည်နယ် ပအိုဝ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ဟာ ဖေဖော်ဝါရီ ၈ ရက်နေ့က အင်းအမျိုးသားလူမှုကူညီရေးအဖွဲ့ရဲ့ သဘောထားကြေညာချက်နဲ့ အရေးအသား၊ အထားအသို တပုံစံတည်းတူညီတဲ့ စာတစောင်ကို ထုတ်ပြန်ခဲ့တာပါ။
အဲဒီနောက် မနေ့က ထုတ်ပြန်ချက်တစောင်ထုတ်လာခဲ့ပြီး ကယားပြည်နယ်ထဲက ကယား (ကရင်နီ) တိုင်းရင်းသား အပါအဝင် တခြားတိုင်းရင်းသားတွေရဲ့ ဆန္ဒ သဘောထား ဖြစ်တဲ့ ဗိုလ်ချုပ်ရဲ့ ပင်လုံ ကတိကဝတ်တွေကို ပထမ အကောင်အထည်ဖော်ပြီး ကယား (ကရင်နီ) ပြည်သူလူထုရဲ့ ဆန္ဒသဘောအတိုင်း ဆောင်ရွက်စေလိုတာကို လေးစားနားလည် သဘောပေါက်တယ်လို့ ဆိုပါတယ်။
သူတို့အဖွဲ့ရဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့က ကြေညာချက်ဟာ ဗဟို ပအိုဝ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်တာ မရှိခဲ့တဲ့ အားနည်းချက်ကိုလည်း ဝန်ခံထားပါတယ်။
ကယားပြည်နယ်ထဲက ပအိုဝ်းတိုင်းရင်းသားတွေဟာလည်း အများပြည်သူရဲ့ ဆန္ဒသဘောဖြစ်တဲ့ ဒီမိုကရေစီစနစ်၊ တန်းတူရည်တူဖက်ဒရယ်မူစနစ်နဲ့ အတူတကွ ယှဉ်တွဲနေထိုင်ရေးမူနဲ့ ရပ်တည်တဲ့ အဖွဲ့အစည်းဖြစ်တယ်လို့လည်း ဆိုပါတယ်။