ကာမလိမ်လည်ရယူမှု(ဥပဒေရေးရာ အမေးအဖြေ)
DVB
·
February 16, 2019
မြန်မာနိုင်ငံမှာ ကာမလိမ်လည်ရယူမှု ဆိုတာကို တရားဝင်စကားရပ်အနေနဲ့ သုံးစွဲနေကြတာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဦးစိုးတင့်ရီ (တရားလွှတ်တော်ရှေ့နေ၊ နိုတြီပဗ္ဗလစ်) ကို ဒီဗွီဘီသတင်းထောက် နေရီရီက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ လတ်တလော လူသိများနေတဲ့ “ကာမလိမ်လည်ရယူမှု” ဆိုတဲ့ စကားရပ်ဟာ ရာဇသတ်ကြီး ဥပဒေပြဋ္ဌာန်း ချက်ထဲမှာ မတွေ့ရပါဘူး။ ကာမလိမ်လည်မှုဆိုတာကို တရားဝင်စကားရပ်အနေနဲ့ ဘာဖြစ်လို့ သုံးစွဲနေတာလဲ ဆိုတာကို သိလိုပါတယ်။
ဖြေ။ ။ ကာမလိမ်လည်မူဆိုတဲ့ အမှုနဲ့ပတ်သက်လို့ ပင်ရင်း ရာဇသတ်ကြီး ဥပဒေမှာ ဖော်ပြထားတာ မရှိသေးပါဘူး။ ဒါပေမယ့် အဓိပ္ပာယ်သက်ရောက်မှုမှာတော့ ရာဇသတ်ကြီး ပုဒ်မ ၄၁၅ မှာ ပြထားတဲ့ အချက်ကလေးရှိပါတယ်။ ပုဒ်မ ၄၁၅ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ “ထိုပျက်ကွက်မူမှာ ထိုသူ ကိုယ်ကိုဖြစ်စေ၊ စိတ်ကိုဖြစ်စေ၊ ဂုဏ်သရေကိုဖြစ်စေ၊ ပစ္စည်းကိုဖြစ်စေ နစ်နာစေခြင်းလို့ ဖော်ပြပါတယ်။ ဒီဥပဒေပြဋ္ဌာန်းချက်ထဲမှာတော့ ကာမဆိုတဲ့ စကားလုံးတော့မပါဘူး။ သိုရာတွင် အဓိပ္ပာယ်ကို ယူလိုက်တာကတော့ မိမိရဲ့ခန္ဓာကိုယ်ကိုလည်းထိခိုက်တယ်၊ နောက် အမျိုးသမီးရဲ့စိတ်ကိုလည်း ထိခိုက်တယ်၊ အမျိုးသမီးရဲ့ဂုဏ်သိက္ခာကိုလည်း ထိခိုက်တယ်ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ ဒီပုဒ်မ ၄၁၅ အရ လိမ်လည်မူဆိုတဲ့အထဲမှာ ထည့်ထားပါတယ်။ အဲ့ဒီအပေါ်မှာပဲ ၄၁၇ အရ ကာမလိမ်လည်မူနဲ့ ပစ်ဒဏ်ပေးတဲ့သဘော ယူဆတာပါ။
ဒီစကားလုံးပေါ်လာတာနဲ့ ပတ်သက်လို့ နဂိုကတည်းက ဝိဝါဒလေးတွေကွဲနေတယ်။ မိန်းကလေးတယောက်နဲ့ လက်ထပ်ပါမယ်လို့ ယုံကြည်အောင်ပြောပြီး ကာမရယူတဲ့ ကိစ္စတွေမှာ ရာဇဝတ်မမြောက်ဘူး။ ပဋိညာဉ် ဖောက်ဖျက်မှုပဲ.. နောက်လက်ထပ်ပါမယ်လို့ ပြောတာက ပဋိညာဉ် လေ.. ဆွဲလို့ရတယ်ဆိုတဲ့ ဝိဝါဒကွဲတဲ့ ရုံးတွေကလည်း အဆင့်ဆင့် အမျိုးမျိုးချခဲ့ကြတယ်။ နောက်ပိတ်ဆုံး “မောင်သန်းထွန်းနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ” ဆိုတဲ့ စီရင်ထုံးမှာ တိတိကျကျ ဒီအဓိပ္ပာယ်ကို ဖွင့်ဆိုထားလိုက်တယ်။ မောင်သန်းထွန်းနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၉၂ ခုနှစ် စာမျက် ၂၃ ဆိုတဲ့ စီရင်ထုံးမှာ “အမျိုးသမီးတဦးအား လက်ထပ်မည်ဟု ဖြားရောင်းပြီး ကာမရယူပြီးနောက် လက်ထပ်ရန်ငြင်းဆိုခြင်းသည် သွေးဆောင်ခြင်းခံရသူ၏ ကိုယ်၊ စိတ်နဲ့ ဂုဏ်သရေကို နစ်နာပျက်စီးစေသဖြင့် လိမ်လည်မူမြောက်သည်” ဆိုပြီးတော့ အတိအကျ အဓိပ္ပာယ်ရှင်းလင်းလိုက်ပါတယ်။ အဲဒီအခါကျမှ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းသွားတာပါ။ ပထမတော့ ရာဇဝတ်အကြောင်း မရဘူးလို့တောင် ပြောတယ်။ တရားမကြောင်းနဲ့ ရောထွေးနေတယ်ဆိုတဲ့ စီရင်ချက်ကလေးတွေပေါ်ခဲ့တယ်။ ဒီစီရင်ထုံးနောက်ပိုင်းကျမှ ကာမလိမ်လည်မှုဆိုတာ ပေါ်လာတာပါ။
ဒီစကားရပ်ကို ဘာကြောင့် တရားဝင်သုံးစွဲနေတာလဲဆိုတော့ ဥပဒေဆိုင်ရာ စကားလုံးတွေကို အပြင်မှာ သုံးစွဲနေကြ အလေ့အထပေါ့။ ဥပမာ.. လူတယောက်က အလုပ်လက်မဲ့ဆိုရင် အရပ်ထဲမှာ သူ့ကို “ဟိတ်ကောင် မင်းကတော့ ၁၀၉-၁၁၀ ပဲကွ” လို့ ဆိုရင် ဒါအလုပ်လက်မဲ့ပဲ။ နောက်လူလိမ်လို့ ပြောချင်ရင် “ဟိတ်ကောင် မင်းက ၄၂၀ ပဲကွာ” လိုပြောရင် ဒါလည်း ဒီသဘောမျိုးပဲပေါ့နော်။ ခုတော့ ကာမလိမ်လည်မှုလို့ မူရင်းဥပဒေထဲ မှာ မပါပေမယ့် ဥပဒေနဲ့ညီညွတ်တဲ့ အများလက်ခံထားတဲ့ စာလုံးဖြစ်တဲ့အတွက်ကြောင့် ခုလောလောလတ်လတ် လက်ခံလာတယ်။ လူသိလည်း များလာတယ်။ ကာမလိမ်လည်မူ ဆိုတဲ့ စကားလုံးက ကြာရင်တော့ ဥပဒေတွေထဲမှာ တိတိကျကျပြဋ္ဌာန်းပြီး ထည့်ရေးမယ့် စကားလုံးဖြစ်ပါတယ်။ ခုလောလောဆယ်မှာတော့ ဒီစကားလုံး မပါဘူး၊ ဒါပေမယ့် အဓိပ္ပာယ် သက်ရောက်တဲ့ အတွက်ကြောင့် ယနေ့လောလောလတ်လတ်မှာ အသုံးပြုနေတဲ့ စကားလုံးဖြစ်တယ်ဆိုတာကို ဖြေကြားပေးချင်ပါတယ်။
မေး။ ။ ဘုန်းကြီးနဲ့ မာတုကာမတို့ လွန်လွန်ကျူးကျူးဖြစ်လို့ လူထွက်ပြီး ယူပါ့မယ်၊ လိမ်လည်ပြီး ကာမရယူပါတယ်လို့ ခိုင်မာတဲ့ သက်သေနဲ့ စွပ်စွဲတာမျိုးရှိသလိုသလို၊ ခိုင်မာတဲ့ သက်သေမရှိဘဲ စွပ်စွဲတဲ့ ကိစ္စမျိုးကိုလည်း မကြာခဏ တွေ့မြင်ဖတ်ရှုရလေ့ရှိပါတယ်။ ခိုင်မာတဲ့ သက်သေနဲ့ စွပ်စွဲတာကို မဆိုလိုပါဘူး။ ဘုန်းကြီးက မိန်းမ မယူရဘူးဆိုတာ လူတိုင်းက သိနေတဲ့ အခြေအနေမျိုးမှာ သက်သေမရှိဘဲ စွပ်စွဲတာမျိုးကို တရားရုံးက လက်ခံပါသလား။ ဒီလိုကိစ္စမျိုးဟာ နှစ်ဦး သဘောတူဖြစ်တဲ့အတွက် လူထွက်ပြီး ယူပါ့မယ်ပြောလို့ ကာမပေးအပ်ခဲ့တာလို့ သက်သေထူရင် ဖြစ်နိုင်ချေရှိပါ့မလားဆိုတာကို ဥပဒေဗဟုသုတအနေနဲ့ သိပါရစေ။
ဘုန်ကြီးနဲ့ပတ်သက်တဲ့ ကိစ္စပဲပေါ့။ ကျနော်တို့ ဥပဒေလောကမှာလည်း စီရင်ထုံးတိုက်ရိုက်ရှိပါတယ်။ “မတင်တင်အိနဲ့ ဦးဝိမလ” ဆိုတာ ၁၉၇၅ မြန်မာနိုင်ငံ တရားစီရင်ထုံးစာမျက်နှာ ၄၄ အမှုဆုံးဖြတ်ချက်ရှိပါတယ်။ အဲဒီမှာ ဘယ်လိုဆုံးဖြတ်လဲဆိုတော့ “တရားခံက ရဟန်းဘောင်မှ လူထွက်ပြီး လက်ထပ်ပါမည်ဟု ကတိမရှိဘဲ လက်မထပ်သည့် အကြောင်းကြောင့် လိမ်လည်မှုအရ ပြစ်မှုကျုးလွန်ရာမရောက်” လိုဆိုပြီး ဆုံးဖြတ်ထားတာ ရှိပါတယ်။ ဒီလမ်းညွန်စီရင်ထုံးအရ ရှင်းပြရမယ်ဆိုရင် သာမာန်အားဖြင့်တော့ စွဲလို့မမြောက်ဘူး။ ဘုန်းကြီးနဲ့ ပတ်သက်လို့ မမြောက်ဘူးဆိုတဲ့ စီရင်ထုံး အတိအကျတော့ရှိပါတယ်။ သို့ရာတွင် အမှုတခုချင်းတော့ မတူဘူးပေါ့။ အဲတော့ နောက်ဖြေစရာလေးတခုပါနေတယ်။ သက်သေမခိုင်လုံဘဲနဲ့ တရားရုံးတွေက အမှုကို လက်ခံပါသလား ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ကတော့ အဲ့ဒါတွေကတော့ မဖြေရှင်းလို့မဖြစ်ဘူး။ တရားရုံးနဲ့ ပတ်သက်လို့ ဖြေရှင်းပေးရမယ်။
လူတယောက်က မိမိနစ်နာချက်ကို တရားရုံးမှာလည်း တိုင်နိုင်တယ်၊ ရဲဆီမှာလည်း တိုင်နိုင်တယ်။ ဒါပေမယ့် ရဲမှာသွားတိုင်ရင် ရဲအရေးပိုင်တဲ့ အမှုဆိုရင် တိုက်ရိုက်အမှုဖွင့်ပေးတယ်။ ရဲအရေးမပိုင်ဘူးဆိုရင် တရားရုံးကို ဦးတိုက်လျှောက်ထားစေတယ်။ အဲ့တော့ တရားရုံးကပဲ အမှုဖွင့်တယ်။ ဖွင့်တယ်ဆိုတာလည်း အသားလွတ် လာတိုင်လိုက်တယ်ဆိုရင် ဖွင့်ပေးလို့ မရဘူးလေ။ တိုင်ချက်ကိုကြည့်ရမှာ။ တိုင်ချက်က ဥပဒေပုဒ်မနဲ့ ညီညွတ်တဲ့ အင်္ဂါရပ်နဲ့ ပြည့်စုံရင် အမှုဖွင့်ပေးတယ်။ မသေချာသေးဘူးဆိုရင် တရားရုံးကနေ Police inquiry ဆိုတဲ့ ရဲကိုပြန်ပြီး စုံစမ်းစစ်ဆေးမှုပေးတယ်။ အဲ့ဒီ ရီပို့ ပြန်တက်လာမှ ဒီအမှုကို ဖွင့်သင့်၊ မဖွင့်သင့် ဆိုတာနဲ့ပတ်သက်ပြီး အမိန့်တစ်ရပ် ချမှတ်တယ်။ ဖွင့်လိုက်တယ်ဆိုတာနဲ့ သူကို အပြစ်ပေးအရေးယူတာမဟုတ်သေးဘူး။ ဒါကို အမှု စစ်ဆေးမယ်။ နှစ်ဖက်သက်သေတွေကို ပြဋ္ဌာန်းထားတဲ့ သက်သေခံဥပဒေတွေနဲ့ စစ်ဆေးပြီးမှ အပြစ်ရှိတယ်၊ မရှိဘူးဆိုတာ ပေါ်ပေါက်မှသာ ဆုံးဖြတ်တာပါ။ တရားရုံးက သက်သေမခိုင်ဘဲနဲ့ လက်ခံသလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ ဒီလောက်ဆိုရင်တော့ သဘောပေါက်လောက်ပါတယ်လို့ယူဆပါတယ်။
မေး။ ။ အိမ်ထောင်ရှိ အမျိုးသားတယောက်က ဆင်းရဲနွမ်းပါးတဲ့ အပျိုတယောက်ကို ငွေကြေး၊ ပစ္စည်းဥစ္စာနဲ့ သိမ်းသွင်းပြီး ကာမရယူတဲ့ကိစ္စမျိုး၊ အငယ်အနှောင်းထားတဲ့ ကိစ္စမျိုးတွေမှာ ကာမရယူခြင်းခံရတဲ့ အမျိုးသမီးက အကြောင်းကြောင်းကြောင့် အဲဒီအမျိုးသားကို ကာမလိမ်လည်ရယူမှုနဲ့ တရားစွဲလို့ ရနိုင်ပါသလား။
ဖြေ။ ။ ဒီမေးခွန်းကိုဖြေရမယ်ဆိုရင်တော့ သာမန်အားဖြင့် မရနိုင်ပါဘူး။ ဒီအငယ်အနှောင်းထားတဲ့ ကိစ္စတွေမှာ မရနိုင်ပါဘူး။ ကာမလိမ်လည်မှုနဲ့ ဘယ်လိုမှ လုပ်လို့ မရနိုင်ပါဘူး။ သူလုပ်နိုင်တဲ့ တခုကတော့ သူက မသိလို့ ဒီအမျိုး သားနဲ့ ပေါင်းသင်းလိုက်တာပါဆိုပြီးတော့ သူ့မှာ အိမ်ထောင်ကြီး ရှိနေပြီးတော့ ဒီတလင်တမယားဥပဒေနဲ့ ဒီအမျိုးသမီးက စွဲဆိုနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ ဒီအခွင့်အရေးတရပ်ပဲ ရှိပါတယ်။ ဒါပေမယ့် စွဲနိုင်ခွင့်မရှိဘူး ဆိုတာလည်း ကျနော်တို့ တားလို့မရပါဘူး။ တချို့ကျတော့လည်း သူ့သဘောနဲ့သူ စွဲကြတာပဲ။ ပိတ်ပင်လို့တော့ မရဘူးပေါ့။ ဒါကတော့ မစွဲနဲ့လို့ ပြောလို့မရဘူး။ စွဲခြင်ရင်စွဲမှာပဲ။ သို့သော် ဥပဒေမူအရတော့ ဒီဟာက စွဲလို့မရဘူးလို့ ဖြေခြင်း ဖြစ်ပါတယ်။ စွဲမယ်ဆိုရင် တလင်တမယားဥပဒေနဲ့ပဲ သွားလို့ရမယ် ။ ကာမလိမ်လည်မှုနဲ့ စွဲမရဘူးလို့ ပြောချင်ပါတယ်။
မေး။ ။ အခုတလောရေပန်းစားနေတဲ့ ကာမလိမ်လည်မှုနဲ့ပတ်သက်ပြီး မရှင်းတာလေးမေးပါရစေ။ ယုံကြည်လောက်အောင် ပြောဆိုလိမ်လည်ပြီး ကာမရယူတာကို ရာဇသတ်ကြီးပုဒ်မ ၄၁၇ နဲ့ တရားစွဲဆိုဖို့ဆိုရင် လက်ထပ်ပါမယ်လို့ လိမ်လည်ပြောဆိုခဲ့မှ ပြစ်မှုမြောက်တယ်လို့ ပြောနေကြပါတယ်။ လက်ထပ်ပါမယ်လို့ ပြောဆိုတာမျိုးကလည်း နှစ်ယောက်ထဲသာ သိတဲ့ကိစ္စ ဖြစ်တဲ့အတွက် အမျိုးသမီးဘက်က သူ့ကို ဒီလိုပြောခဲ့ပါတယ်လို့ ထွက်ဆိုရုံနဲ့ သက်သေခိုင်မာပါ့မလား။ ဘယ်လိုသက်သေပြရမလဲရှင့်။
ဖြေ။ ။ မေးခွန်းနဲ့ပတ်သက်လို့ စီရင်ထုံး ဆုံးဖြတ်ထားတဲ့ အမှုနှစ်ခုနဲ့ယှဉ်ပြီး ဖြေပေးပါမယ်။ “မောင်အောင်နိုင်ထွန်းနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ” ဆိုတဲ့ စီရင်ထုံးမှာ မောင်အောင်နိုင်ထွန်းနဲ့ သူရဲ့အမျိုးသမီး မသွယ်သွယ်ဝင်းဆိုတာ မြို့နယ်တရားသူကြီးဆီမှာပဲ လက်ထပ်တယ်၊ စာချုပ်ချုပ်ပြီး မိန်းကလေးက ယောက်ျားလေးအိမ်မှာ လိုက်နေတယ်။ သို့သော် အခြေအနေအရ မိဘအချင်းအချင်း မသင့်မြတ်တဲ့ အခါကြတော့ မိန်းကလေးက သူ့မိဘဆီပြန်သွားတယ်။ ယောက်ျားလေးက လိုက်မသွားဘူး။ မိန်းကလေးကနေပြီး ယောက်ျားလေးကို ကာမလိမ်လည်မှုနဲ့ တရားစွဲတယ်။ အဲ့ဒါစွဲလို့မရပါဘူး။ အဲဒီ မူလေးရှိပါတယ်။
နောက်အမှုတခုကတော့ “ပြည်ထောင်စုမြန်မာနိုင်ငံနဲ့ ကိုမြသန်း” ဆိုတဲ့ စီရင်ထုံးပါ။ ၁၉၉၆ ကပါ။ သူ့ကျတော့ သဘောတူလက်ထပ်မယ်လို့ ရိုးရိုးတမ်းတမ်း အလွတ်ပေါ့။ အရပ်စာချုပ်ကလေးချုပ်တယ်။ လက်ထပ်တယ်။ သို့သော် တရားရုံးသွားလိုက်တဲ့အခါ အစ္စလာမ် ဘာသာဝင်ဖြစ်နေတော့ လက်ထပ်လို့ မရဘူးဆိုတဲ့ အခါကျတာ့။ အမျိုးသားက ဒီတိုင်းပဲငြိမ်နေတယ်။ အမျိုးသမီးမှာတော့ ကိုယ်ဝန်ရှိသွားတယ်။ ရှိတော့ အမျိုးသမီးကနေ ဒါကိုပြန်ပြီး တရားစွဲတယ်။ အဲ့ဒါကျတော့ ရပြန်တယ်။ ယောက်ျားမှာ အပြစ်ရှိတယ်ပေါ့။ အဲတော့ မူ က ဘာပဲ လိုလဲဆိုတော့.. ဥပမာ- မိန်းကလေးက ဘယ်လိုသက်သေပြရမယ်ဆိုတာနဲ့ပတ်သက်လို့ ဥပဒေအကြံပေးလိုပါတယ်။
အချက်၂ ချက်က အဓိကပေါ့။ အတူပေါင်းသင်းခဲ့မှု ရှိမရှိဆိုတဲ့အချက်ကို မိန်းကလေးက သက်သေပြရမယ်။ နောက်ဒုတိယအချက်က ယောက်ျားလေးက လက်ထပ်ဖို့ငြင်းတယ်ဆိုတာ ရှိမရှိ ဆိုတဲ့အချက်ပေါ့။ အဲ့ဒီအချက်တွေကို သက်သေပြနိုင်ရင် ဒီအမှုက အမှားအမှန် ဆုံးဖြတ်လို့ရပါတယ်ဆိုတဲ့အကြောင်း ဖြေကြား ချင်ပါတယ်။
မေး။ ။ ဒီခေတ်မှာ သမီးရည်းစားစုံတွဲအချို့ (Living Together) ဆိုပြီး အတူပေါင်းသင်း နေထိုင်တာမျိုးကို တွေ့နေရပါတယ်။ အကြောင်းတခုခုကြောင့် သူတို့နှစ်ဦး ကွဲကွာသွားပြီးတဲ့နောက် အမျိုးသမီးဘက်က ကာမလိမ်လည်ရယူတယ်လို့ တရားစွဲမယ်ဆိုရင် ရနိုင်ပါသလား။
ဖြေ။ ။ သာမန်အားဖြင့်တော့မရပါဘူး။ living Together ဆိုတာ ဒီခေတ်မှာဖြစ်နေကြပါတယ်။ ဒီတခုတည်း သက်သက်နဲ့တော့ မရပါဘူး။ သို့သော် အမှုတခုချင်းစီရဲ့ အချက်တွေပေါ်မှာ မှုတည်နေပါတယ်။ ဒီမှာ အချက်နှစ်ချက်ကို ပြန်ကြည့်ရပါမယ်။ အတူပေါင်းသင်းဖို့ ဆန္ဒရှိ၊ မရှိနဲ့၊ လက်ထပ်ရန် ငြင်းဆိုခြင်း ရှိ၊မရှိ ဆိုတဲ့အချက်ပါ။ သူက လက်ထပ်ဖို့ ဘယ်တုန်းက ပြောခဲ့သလဲပေါ့။ ဥပမာ မုဒိမ်းမှုဆိုပါစို့.. ရုန်းနိုင် လျက်သားနဲ့ မရုန်းဘူးလား၊ အော်နိုင်လျက်သားနဲ့..မအော်ဘူးလား။ နောက် ဖြစ်ဖြစ်ချင်းပဲ သက်ဆိုင်ရာကို တိုင်ကြားမှုရှိ၊မရှိ ဆိုတဲ့အကြောင်း တရားတွေပေါ့။ ဒါတွေက အမှုစစ်မှာပဲ ပေါ်မှာပါ။ ခုကိစ္စမှာလည်း Living Together နေခဲ့တယ်။ သူတို့အငြင်းမပွားဘူး ပေါ်ပေါက်မယ်ဆိုရင် သူအမှုဖွင့်မယ့် အချိန်ကာလပေါ့။ (လက်ထပ်မယ်လို့ပြောမယ်၊ ငြင်းတယ်၊ မငြင်းဘူး ဆိုတဲ့အချိန်ကာလတွေပေါ့) ဘယ်အချိန်တုန်းက အတူပေါင်းသင်းနေထိုင်ခဲ့တယ်။ ဒါပေမယ့် အချိန်ကာလကို ကြည့်မယ်။ ဒီအချိန်ကာလကြာမြင့်မှုရဲ့ သဘာဝယုတ္တိ ရှိ၊ မရှိကို တရားရုံးက ဆုံးဖြတ်ပေးပါတယ်။ ဥပမာ ၁ နှစ်၊ ၂ နှစ်လောက်ကြာမှ အကြောင်းမရှိဘဲနဲ့ ထပြီး တရားစွဲမယ်ဆိုရင် ဒါဟာ ဘယ်လိုမှ အကြောင်းပြချက် မရှိပါဘူး။ မထနိုင်တာတို့ ကိုယ်တပိုင်းသေ နေရင်တော့ တမျိုးပေါ့လေ။ အဲလို အချိန်ကာလကို ကြည့်ရပါတယ်။ ဒီလိုအချက် ညီညွတ်ရင်တော့ တရားစွဲလို့ရပါတယ်။