မီးငြှိမ်းသတ်ပြီးပြန်လာသည့် မီးသတ်ကား ၂ စီးတိုက်မိ
DVB
·
February 8, 2019
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်းနဲ့ ၆၂ လမ်းထောင့်မှာ ဖေဖော်ဝါရီ ၇ ရက်မနက်က မီးငြှိမ်းသတ်ပြီး ပြန်လာတဲ့ မီးသတ်ကားနှစ်စီး တိုက်မိခဲ့ပါတယ်။
ချမ်းမြသာစည်မြို့နယ်လမ်း ၆၀နဲ့ ၆၁ လမ်းကြား သဇင်လမ်းနဲ့ ကံ့ကော်လမ်းကြား ပိတောက်လမ်းသွယ်ရှိ သိုးခြံဘူတာအနီးမှာ မနေ့ မနက် ၆နာရီလောက်က မီးလောင်မှု ဖြစ်ပွားခဲ့ရာမှာ မီးငြှိမ်းသတ်ပြီး ပြန်လာတဲ့ကားနှစ်စီး တိုက်မိခဲ့တာပါ။
မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့ ခရိုင်ဦးစီးမှူး ဦးထက်အောင်က “လူတွေကတော့ ဘာမှ ထိခိုက်ဒဏ်ရာမရခဲ့ဘူးဗျ။ ကားပဲပျက်စီးသွားတယ်။ တစီးက ချမ်းမြသာစည်မြို့နယ်ရုံးက တစီးက တော့ မြို့သစ် (၂) လွှဲထားတဲ့ ကားပါ။ တစီးက မနော်ဟရီက လာတယ်ပြီး တစီးက ၆၂ လမ်းကလာတယ် လမ်းဆုံရောက်တော့ မတော်တဆတိုက်မိခဲ့ပါ”လို့ ပြောပါတယ်။
ဦးခင်မောင်တင့်ရဲ့ သွပ်မိုးထရံကာ နေအိမ်အတွင်းက မီးဖြတ်စက်အပူလွန်ကဲရာကနေ အနီးကထရံကို ကူးစက်စတင်မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး နေအိမ် တလုံးနဲ့ အသုံးအဆောင်ပစ္စည်း ကျပ် ၁၅၀၀၀၀ တန်ဖိုး မီးလောင်ဆုံးရှူံးခဲ့တယ်လို့ မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့က သိရပါတယ်။
အဆိုပါ မီးလောင်မှုနဲ့ ပတ်သက်ပြီး ဦးခင်မောင်တင့်ကို ချမ်းမြသာစည်မြို့နယ် အမှတ် (၁၁) ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။