Homeမြန်မာသတင်း
ဗိုလ်ချုပ်ကြေးရုပ်ထောက်ခံဆန္ဒပြပွဲ ဦးဆောင်သူ ၅ ဦးကို ငြိမ်းစုစီ ဥပဒေဖြင့်တရားစွဲ
ဗိုလ်ချုပ်ကြေးရုပ်ထောက်ခံဆန္ဒပြပွဲ ဦးဆောင်သူ ၅ ဦးကို ငြိမ်းစုစီ ဥပဒေဖြင့်တရားစွဲ
DVB
·
February 5, 2019
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိဖို့် ဖေဖော်ဝါရီ ၂ ရက်နေ့က ထောက်ခံဆန္ဒပြခဲ့တဲ့ ဦးဆောင်သူ ၅ ဦးကို ငြိမ်းစုစီ ဥပဒေပုဒ်မ (၂၀)နဲ့ တရားစွဲဆိုလိုက်ပါတယ်။
အခုလို တရားစွဲနိုင်ဖို့အတွက် ကရင်နီလူငယ်တွေက ဖေဖော်ဝါရီ ၂ ရက်နေ့ညမှာ မြို့နယ်ရဲတပ်မှူးရုံးကို သွားရောက်တိုင်ကြားတာကြောင့် ဒီနေ့မှာတော့ တရားစွဲဆိုပေးခဲ့တာလို့ ဆိုပါတယ်။
မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ကိုယ်တိုင်သွားရောက်တိုင်ကြားခဲ့တဲ့ ခွန်းမျိုးလှိုင်ဝင်းက “ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်တုနဲ့ပတ်သက်ပြီး ကျနော်တို့ကိုယ်တိုင် တိုင်ကြားခဲ့တာပေါ့နော်။ သူတို့က ငြိမ်းစုစီဥပဒေနဲ့ မညီဘူး။ ကန့်သတ်နယ်မြေ ပုဒ်မ ၁၈၈ အရကျူးလွန်တယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးကို ပြီးခဲ့တဲ့ ၂ ရက်နေ့ည ၇ နာရီအချိန်မှာ တိုင်ကြားခဲ့တယ်။ ကျနော်တို့ တိုင်ကြားတာကို လောလောဆယ် ငြိမ်းစုစီ ပုဒ်မ (၂၀)နဲ့ အရေးယူမယ်။ သူတို့ကိုရဲစခန်းမှာ ခေါ်တွေ့ပြီး ပုဒ်မ (၁၉) နဲ့ ထပ်စွဲမှာပေါ့" လို့ ဒီဗွီဘီကို ပြောပါတယ်။
ထောက်ခံဆန္ဒပြရာမှာ ဦးဆောင်သူတွေဖြစ်တဲ့ လောပိတကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းအောင်အပါအဝင် ၅ ဦးကို လွိုင်ကော်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဝင်းနိုင်က တရားလိုလုပ်ပြီး တရားစွဲဆိုလိုက်တာပါ။
လွိုင်ကော်မြို့ ဂန္ဒာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိဖို့ လူ ၅၀၀ လောက်က ထောက်ခံဆန္ဒပြတာနဲ့ ကြေးရုပ်ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
တဖက်မှာလည်း ဗိုလ်ချုပ်ကြေးရုပ်ကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ ကရင်နီလူငယ် ၃၂ ဦးဟာ ငြိမ်းစုစီပုဒ်မ ၁၉၊ ၂၀အပြင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ ခ၊ ဂ တို့နဲ့ တရားရင်ဆိုင်နေရပါတယ်။
သတင်း၊ ဓာတ်ပုံ- ခွန်းတူးတူးလေး