Homeမြန်မာသတင်း
နှစ် ၁၀၀ ကျော်သက်တမ်း သစ်ပင်ကြီးကျိုးကျ၊ စာသင်ကျောင်း အမိုးနှင့်မျက်နှာကြက် ပျက်စီး
နှစ် ၁၀၀ ကျော်သက်တမ်း သစ်ပင်ကြီးကျိုးကျ၊ စာသင်ကျောင်း အမိုးနှင့်မျက်နှာကြက် ပျက်စီး
DVB
·
February 2, 2019
မကွေးမြို့နယ် သပြေစမ်းကျေးရွာမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့လယ်ပိုင်းက နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ သစ်ပင်ကျိုးကျခဲ့လို့ အခြေခံပညာအလယ်တန်းကျောင်း အမိုးနဲ့ မျက်နှာကြက်တချို့ ပျက်စီးခဲ့ပါတယ်။
မကွေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးက "သစ်ပင်က နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီ။ အပေါ်ဝိတ်များလို့ တစ်ဗျစ်ဗျစ်နဲ့ အသံမြည်နေတာ ၁၀ ရက် ၁၅ ရက်လောက်ရှိနေပြီ။ ဖေဖော်ဝါရီလ ၁ ရက်နေ့က ကျောင်းသားလေးတွေ စာသင်နေတဲ့အချိန်မှာ အသံပိုမြည်တဲ့အတွက် ကလေးတွေကို အပြင်ထုတ်ပြီး ၅ မိနစ်လောက်အကြာမှာ သစ်ပင်လဲကျခဲ့ပြီး ကျောင်းအမိုးနဲ့ မျက်နှာကြက်တချို့ ပျက်စီးခဲ့တာပါ။ ကာလတန်ဖိုး အနေနဲ့ ငါးသိန်းကျပ်ဖိုးလောက် ကုန်ကျမှာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ စာမေးပွဲနား နီးနေတဲ့ အတွက် ရုံးဖွင့်ရက်မှာ သက်ဆိုင်ရာ ပညာရေးမှူးကိုပြောပြီး အမြန်ဆုံးပြုပြင်ပေးဖို့ ဝန်ကြီးကို တင်ပြမှာပါ" လို့ ပြောပါတယ်။
မကွေးတိုင်း ပညာရေးမှူးဦးအောင်မြင့်ကလည်း “သဘာဝဘေးအတွက် ပျက်စီးဆုံးရှုံးတဲ့ စရိတ်ကို အဆင့်ဆင့် တင်ပြလာရင် ရုံးချုပ်ကို ချက်ချင်းတင်ပြပြီး အမြန်ဆုံး ပြင်ဆင်သွားမှာပါ" လို့ဆိုပါတယ်။
အဲဒီရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး အနီးအနားရွာတွေက ကျောင်းသားကျောင်းသူတွေလည်း လာရောက် သင်ကြားနေကြတာ ဖြစ်ပါတယ်။
သတင်း-မင်းထီး