တိုက်လေယာဉ် ၂ စီး ပျက်ကျစဉ် ကျန်ခဲ့သည့် ပဲ့ထိန်းဒုံးကျည် တွေ့ရှိဖျက်ဆီး
DVB
·
February 2, 2019
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အမှတ် ၁ ရပ်ကွက် ဆားပွတ်ချောင်းတံတားအနီး ပျက်ကြခဲ့တဲ့ တပ်မတော်တိုက်လေယာဉ်မှ ပဲ့ထိန်းဒုံးကျည်အား တွေ့ရှိခဲ့ပြီး သယ်ယူဖို့ အန္တရာယ်ရှိတာကြောင့် အဲဒီနေရာမှာပဲ ဖျက်ဆီးခဲ့တယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။
အရင်က တပ်မတော်စစ်လေယာဉ်ပျက်ကျတဲ့ နေရာရဲ့ အရှေ့မြောက်ဘက် ကိုက် ၅၀၀ လောက်အကွာမှာ ဆိတ်ကျောင်းသွားသူတဦးက ဇန်န၀ါရီ ၃၁ ရက်နေ့က စတင်တွေ့ရှိပြီး တာဝန်ရှိသူတွေကို သတင်းပေးပို့ခဲ့တာလို့ သိရပါတယ်။
မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေ၊ မကွေးလေတပ်စခန်းဌာနချုပ် တပ်မတော်တာဝန်ရှိသူတွေက ဒုံးကျည်တွေ့ရှိတဲ့နေရာမှာ ညနေ ၄ နာရီလောက် ဖောက်ခွဲဖျက်ဆီးခဲ့တာပါ။
ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းက မကွေးလေတပ်က တိုက်လေယာဉ် ၂ စီး လေ့ကျင့်ပျံသန်းမှု ဆောင်ရွက်နေစဉ် မင်းဘူးမြို့နယ်နဲ့ စကုမြို့နယ်တို့မှာ ပျက်ကျခဲ့ပြီး တိုက်လေယာဉ်မှူး ၂ ဦး ကျဆုံးခဲ့ပါတယ်။
မင်းဘူးမြို့ အမှတ်လေးရပ်ကွက်နေ အသက် ၁၀ နှစ်အရွယ် မသွယ်ဇင်ငြိမ်းဟာလည်း လေယာဉ်အပိုင်းအစ ထိမှန်ခံရပြီး သေဆုံးခဲ့ပါတယ်။ အဲဒီအချိန်က ရေတက်ချိန်ဖြစ်နေလို့ လက်နက်ပစ္စည်းတွေ ရှာဖွေရာမှာ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)