စိုင်းစိုင်းခမ်းလှိုင်၏ ဖေ့စ်ဘွတ်ခ် ပရိသတ် ၈ သန်းကျော်ဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေ
DVB
·
February 1, 2019
မြန်မာနိုင်ငံရဲ့ ထင်ပေါ်ကျော်ကြား လူသိများတဲ့ အနုပညာရှင်တွေအနက် စိုင်းစိုင်းခမ်းလှိုင်ဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ပရိသတ်အများဆုံး ၈ သန်းကျော်နဲ့ ထိပ်ဆုံးနေရာက ရပ်တည်နေတယ်လို့ မြန်မာဆိုရှယ်မီဒီယာဖွံ့ဖြိုးရေးအဖွဲ့ (SMDM) က ထုတ်ပြန်ပါတယ်။
သရုပ်ဆောင်မင်းသမီး အကယ်ဒမီ ဖွေးဖွေးက ပရိသတ် ၇ ဒသမ ၇ သန်းကျော်နဲ့ ပရိသတ်ဒုတိယ အများဆုံးဖြစ်ပြီး အကယ်ဒမီဝတ်မှုန်ရွှေရည်က ပရိသတ် ၅သန်းကျော်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။
ထူးခန့် (ရွှေထူး)၊ နှင်းဟေမာန်စိုး၊ ရွှေမှုန်ရတီ၊ ချစ်သုဝေ၊ အိန္ဒြာကျော်ဇင်၊ မအေးသောင်းနဲ့ သင်ဇာဝင့်ကျော်တို့က ဖေ့စ်ဘွတ်ခ်မှာ ကိုယ်ပိုင်အကောင့်တွေ အသုံးပြုကြပြီး စိုင်းစိုင်းခမ်းလှိုင်၊ လေးဖြူခရေစီ၊ သက်မွန်မြင့်၊ အမွန်းနဲ့ နီနီခင်ဇော်တို့ဟာ ဖေ့စ်ဘွတ်ခ်မှာ (Blue Mark) အမှတ်အသား ရရှိထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အွန်လိုင်းသုံးသူအများစုဟာ အခြားအင်တာနက်လူမှု ကွန်ရက်စာမျက်နှာတွေ ထက် ဖေ့စ်ဘွတ်ခ်ကိုသာ ဦးစားပေးသုံးစွဲနေပြီး အင်တာနက်လူမှုကွန်ရက် အသုံးပြုသူတွေထဲမှာ ဖေ့ဘွတ်ခ်အသုံးပြုမှု ၉၁ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ဆိုပါတယ်။
တွစ်တာ၊ ယူကျု့နဲ့ အင်စတာဂရမ်စတဲ့ အင်တာနက်လူမှုကွန်ရက်တွေကို အသုံးပြုမှုအနေနဲ့ မြန်မာနိုင်ငံဟာ အခြားအာဆီယံနိုင်ငံတွေထက် လျော့နည်းနေတယ်လို့ အာဆီယံဒေသတွင်း လူမှုကွန်ရက်အသုံးပြုမှု စစ်တမ်းကို ကိုးကားပြီး ဖော်ပြထားပါတယ်။
SMDM အဖွဲ့ဟာ မြန်မာနိုင်ငံရှိ အင်တာနက်လူမှုကွန်ရက် အသုံးပြုသူတွေအတွက် ကောင်းမွန်တဲ့ လူမှုကွန်ရက်ပတ်ဝန်းကျင်ရရှိစေဖို့ သတင်းအချက်အလက်နဲ့ နည်းပညာတွေ ဖြန့်ဝေဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။