သမီးဖြစ်သူကို ကျောပိုးပြီး သားအဖနှစ်ဦး စစ်ကိုင်းတံတားပေါ်က ခုန်ချသတ်သေ
ပိုင်စိုး
·
January 30, 2019
စစ်ကိုင်းတံတား (အင်းဝတံတားဟောင်း) ပေါ်ကနေ ခုန်ချသွားတဲ့ သားအဖနှစ်ယောက်ထဲက ဖခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ဒီနေ့ မနက်က ရှာတွြေ့ပီလို့ စစ်ကိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။
ဇန်နဝါရီ ၂၇ ရက်က စစ်ကိုင်းမြို့ရှိ စစ်ကိုင်းတံတားပေါ်ကနေ အမျိုးသားတဦးဟာ အသက် ၄ နှစ်အရွယ် သမီးငယ်ကို ကျောပိုးပြီး ဧရာဝတီမြစ်အတွင်း ခုန်ချခဲ့မှု ဖြစ်ပွားခဲ့တာပါ။
မြစ်ထဲခုန်ချသွားတဲ့ သားအဖကို စစ်ကိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ အိုးဘိုလူမှုကူ ညီရေးအဖွဲ့နဲ့ သုခကာရီ ကယ်ဆယ်ရေး အဖွဲ့တို့ ပူးပေါင်းရှာဖွေနေရာမှာ ဖခင်ရဲ့အလောင်းကို တွေ့ပေမယ့် သမီးဖြစ်သူကိုတော့ မတွေ့သေးတာကြောင့် ဆက်ရှာဖွေနေတုန်းပဲလို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
စစ်ကိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အတွင်းရေးမှူး ကိုစိုးမင်းဦးက “ဒီမနက် ၈ နာရီခွဲလောက်က ရေပြင်ရှာဖွေရေးအဖွဲ့တွေရယ်၊ ရေငုပ်သမားတွေရယ် လှေနဲ့ သွားရင်းနဲ့ စစ်ကိုင်းတံတား အောက်ဘက် ၃ မိုင်ကျော်လောက်က မြစ်လယ်ကောင်မှာ မျောနေတာကို တွေ့ခဲ့ရတာပါ။ အဲဒါနဲ့ ဆယ်ယူပြီး မိသားစုဝင်တွေကို အတည်ပြုခိုင်းတော့ ဟုတ်တယ်လို့ ပြောတာကြောင့် ဆေးရုံကို ပို့လိုက်ပါပြီ” လို့ ပြောပါတယ်။
စစ်ကိုင်းတံတားပေါ်ကနေခုချသွားသူဟာ မန္တလေးမြို့ ကန်ပတ်လမ်း ၀ါဆိုကျောင်းတိုက်အနီးမှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် ဦးစိုးမင်းသိန်းဖြစ်ပြီး အသက် ၄ နှစ်အရွယ် သမီးငယ်ကို မဖြူစင်သွယ်ကို ကျောပိုးပြီး ဧရာဝတီမြစ်ထဲကို ခုန်ချခဲ့တာပါ။
သမီးဖြစ်သူဟာ မျက်လုံးကင်ဆာရောဂါဝေဒနာခံစားနေရသူဖြစ်ပြီး ရောဂါကိုခွဲစိတ်ဖို့ ၁ ရက်အလိုမှာ အိမ်ကနေ ပျောက်ဆုံးသွားပြီး နောက်ပိုင်းမှာ အခုလို ခုန်ချသွားတာကို မိသားစုက သိရှိခဲ့တာပါ။
ဒီအမှုနဲ့ပတ်သက်ပြီး မန္တလေးတိုင်း အမရပူရ ရဲစခန်းမှာ သေမှုသေခင်းနဲ့ အမှု ဖွင့်ထားပါတယ်။