Homeမြန်မာသတင်း
ကလေးသူငယ်နှင့်အမျိုးသမီးကာကွယ်စောင့်ရှောက်ရေး ဌာနဆိုင်ရာများပူးပေါင်းပေးရန် ၀န်ကြီး တိုက်တွန်း
ကလေးသူငယ်နှင့်အမျိုးသမီးကာကွယ်စောင့်ရှောက်ရေး ဌာနဆိုင်ရာများပူးပေါင်းပေးရန် ၀န်ကြီး တိုက်တွန်း
DVB
·
January 26, 2019
ကလေးသူငယ်နဲ့အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေကို မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်ရာမှာ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်ပေးဖို့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက တိုက်တွန်းလိုက်ပါတယ်။
ဇန်န၀ါရီ ၂ ရက် နေ့လယ်ပိုင်းက ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ၊ အမျိုးသမီးကော်မတီ၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ပြည်နယ်ကြီး ကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုလိုက်တာပါ။
ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ နော်အယ်ဖော့က"ကလေးသူငယ်နဲ့ ပတ်သက်ပြီး ဖြစ်ခဲ့တဲ့ case တွေရှိတယ်။ ဖြစ်တဲ့နယ်မြေ မတူတဲ့အတွက်ကြောင့် နယ်မြေတွေလွှဲတယ်၊ အမှုဖွင့်တယ်၊ အစအဆုံးစစ်တယ်။ တနေရာထပ်လွဲတယ်၊ ဖြစ်နေတဲ့ တရားခံကလည်း ဆင်းရဲတဲ့ အတွက်ကြောင့်မို့ ထပ်ခါထပ်ခါ ဟိုဘက်သွားလိုက် ဒီဘက်သွားလိုက် နောက်ဆုံးကျတော့ သူတို့စိတ်ဓာတ်ကျပြီးတော့ ကျေအေးလိုက်ရတယ်" လို့ ပြောပါတယ်။
ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းက "ဒီဖြစ်စဉ်ပေါ်လာလို့ရှိရင် ဘယ်လို ဖြေရှင်းပေးရမယ်ဆိုတာ ကရင်ပြည်နယ်မှာ တည်ဆောက်ထားပြီးဖြစ်တယ်။ တော်တော်များ များ case တွေကို ပေါ်လာလို့ရှိရင် ဥပဒေပိုင်းဆိုင်ရာအရ အမျိုးသမီးတွေ၊ ကလေးတွေအကြမ်းဖက်ခံရရင် စိတ် ပိုင်းဆိုင်ရာ လူပိုင်းဆိုင်ရာ ဥပဒေနဲ့အညီ ကာကွယ်စောင့်ရှောက်မှုခံယူရမယ်"လို့ ပြောပါတယ်။
ဆွေးနွေးပွဲမှာ ကော်မတီတွေရဲ့ လုပ်ငန်းဆိုင်ရာတွေကို ရှင်းလင်းတင်ပြတာ၊ ပြည်နယ်ကလေးသူငယ်ကြီးကြပ်ရေးအဖွဲ့ကို တင်ပြလာတဲ့ မူလတန်းကြိုကျောင်း ၄၂ ကျောင်း နဲ့ ဘဏ္ဍာရေးကော်မတီကို အတည်ပြုတာ၊ ကလေးသူငယ်နဲ့ အမျိုးသမီးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ NGO၊ INGO တို့က လုပ်ငန်းဆောင်ရွက်မှုတွေကို ရှင်းလင်ပြတာနဲ့ တက်ရောက်လာတဲ့ ကော်မတီဝင်တွေရဲ့ ဆွေးနွေးတင်ပြမှုတွေကို ဌာနဆိုင်ရာတာဝန်ရှိသူတွေက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။
၂၀၁၅- ၂၀၁၆ ခုနှစ်အတွင်း ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၁၅ ရာခိုင်နှုန်း၊ အိမ်ထောင်ရှင်အမျိုးသမီး ၂၉ ရာခိုင်နှုန်းဟာ ခင်ပွန်းသည်တွေရဲ့ ထိန်းချုပ်လွှမ်းမိုးမှုကို ခံစားရပြီး၊ ၂၁ ရာခိုင်နှုန်းက ခင်ပွန်းရဲ့ အကြမ်းဖက်မှု ခံစားရသလို အကြမ်းဖက်မှု ခံစားခဲ့ရသူတွေအနက် ၇ ရာခိုင်နှုန်းက ပြင်းထန်တဲ့ ဒဏ်ရာတွေရရှိကြပါတယ်။
ရုပ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံစားခဲ့ရဖူးသူတွေအနက် ၂၂ ရာခိုင်နှုန်းပဲ အကူအညီတွေ ရယူခဲ့ပြီး ၃၇ ရာခိုင်နှုန်းမှာ ဖွင့်ဟပြောဆိုခြင်းမပြုဘဲ ၄၀ ရာခိုင်နှုန်းလောက်တာ ဖွင့်ဟပြောဆိုပေမယ့် အကူအညီ ရခြင်းမရှိတာတွေကို မြန်မာနိုင်ငံလူနေမှုဘ၀နှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက် စစ်တမ်းတွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။
ကလေးသူငယ်မှုခင်းအနေနဲ့ ဘားအံ ၁၃ မှု၊ ကော့ကရိတ် ၅ မှု၊ မြ၀တီ ၁၃ မှု၊ ကြာအင်းဆိပ်ကြီး ၁ မှု၊ လှိုင်းဘွဲ ၃ မှု၊ စုစုပေါင်း ၃၅ မှု ဖြစ်ပွားခဲ့ရာ မူးယစ်မှုအများဆုံးဖြစ်တယ်လို့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
ရဲမင်းခေါင်