ရန်ကုန်ဆေးရုံကြီးတွင် စည်းကမ်းနှင့်အညီရောင်းသည့် ဈေးသည်များကိုသာ ခွင့်ပြုမည်
ဆုဆုသွယ်
·
January 26, 2019
ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းမှာ ဖေဖော်ဝါရီလကနေစပြီး သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ ရောင်းချတဲ့ ဈေးသည်တွေကိုသာ ဈေးရောင်းချခွင့်ပေးသွားမယ်လို့ ရန်ကုန်ဆေးရုံအုပ် ဒေါက်တာ ခင်သိင်္ဂီမြင့်က ပြောပါတယ်။
လက်ရှိ ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းမှာ ဈေးဆိုင်ပေါင်း ၆၀ ကျော်ကို ရောင်းချခွင့်ပြုထားတာဖြစ်ပြီး အဲဒီဈေးဆိုင်တွေထဲ ဆေးရုံက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ရောင်းချတဲ့ ဈေးဆိုင်တွေကိုသာ ဆက်လက်ရောင်းချခွင့်ပြုသွားမှာပါ။
အခုလို ဈေးရောင်းချနိုင်ဖို့အတွက် စည်းကမ်းလိုက်နာတဲ့ ဈေးသည်တွေကို ဖေဖော်ဝါရီ လဆန်းပိုင်းမှာ စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။
စာချုပ်သက်တမ်းမှာ ၆ လဖြစ်ပြီး ဈေးဆိုင်ရောင်းချသူတွေအနေနဲ့ စာချုပ်ပါစည်းကမ်းချက်တွေကို ဖောက်ဖျက်တာတွေရှိပါက အဆင့်ဆင့်အရေးယူကာ နောက်ဆုံးအဆင့်အနေနဲ့ ဆိုင်ပိတ်သိမ်းတဲ့အထိ အရေးယူသွားမှာဖြစ်ပါတယ်။
လက်ရှိ ဆေးရုံဝင်းထဲမှာ ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းမှာ ရောင်းချနေတဲ့ ဈေးသည်တွေကိုတော့ မနက် ၆ နာရီကနေ ည ၆ နာရီအထိ ရောင်းချခွင့်ပေးသွားထားတာဖြစ်ပြီး ဈေးသည်တွေကို ညအိပ်ခွင့်မပြုထားဘူးလို့ ပြောပါတယ်။
ဒါ့အပြင် သတ်မှတ်နေရာထက်ပိုပြီး ဈေးမရောင်းချရတာတွေ၊ မီးအသုံးပြုခွင့်မရှိတာတွေ၊ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေကို ရောင်းချဖို့နဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်မယ့် ကွမ်း၊ ဆေးလိပ်တွေကို မရောင်းချဖို့ စတဲ့စည်းကမ်းတွေ အပါအ၀င် စည်းကမ်းချက်၂၁ ချက်ကို သတ်မှတ်ပေးထားတာပါ။
ဆေးရုံကြီးအတွင်းမှာ ရောင်းချနေတဲ့ ဈေးဆိုင်တွေကတော့ ၁ လကို ငွေကျပ် ၃ သောင်း ဆေးရုံကို ပေးသွင်းရပါတယ်။
ဆေးရုံကြီးဝင်းအတွင်းမှာ ရောင်းချနေတဲ့ ဈေးသည်တွေအနေနဲ့ ကျန်းမာရေးနဲ့ လိုက်လျောညီထွေစွာ ရောင်းချဖို့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးဌာနနဲ့ ပူးပေါင်းကာ အသိပညာပေးမှုကို ဇန်န၀ါရီ ၂၅ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ပြုလုပ်ခဲ့ပါတယ်။
သတင်းနှင့်ဓာတ်ပုံ - ဆုဆုသွယ်