အမျိုးသမီးသင်္ဘောသား လက်မှတ်ထုတ်ပေးရေးအစီအစဉ်ကို ကန့်ကွက်
DVB
·
January 26, 2019
အမျိုးသမီးသင်္ဘောသား လက်မှတ်ထုတ်ပေးဖို့ ရေကြောင်းဆိုင်ရာ ထိရောက်တဲ့ မူဝါဒနဲ့ ဥပဒေတွေ မရှိသေးတဲ့အတွက် ဆောင်ရွက်ဖို့ မသင့်သေးဘူးလို့ မြန်မာပင်လယ်ရေကြောင်းအလုပ်သမားများအဖွဲ့ချုပ်က ကန့်ကွက်လိုက်ပါတယ်။
ဒီလိုကန့်ကွက်နေတာဟာ အမျိုးသမီးသင်္ဘောသား လက်မှတ်တွေကို မထုတ်ပေးစေချင်လို့ မဟုတ်ဘဲ မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ရေကြောင်းနဲ့သက်ဆိုင်တဲ့ ဥပဒေတွေဟာ ခေတ်နဲ့မလျော်ညီတာကြောင့် အမျိုးသားသင်္ဘောသားတွေတောင် နေရာမှား အပို့ခံရတာတွေ၊ ပွဲစားကြေး အဆမတန်ပေးနေရတာတွေရှိနေပြီး အမျိုးသမီးသင်္ဘောသားတွေအတွက် ပိုရှုပ်ထွေးတဲ့ ဖြစ်စဉ်တွေဖြစ်လာနိုင်လို့ ကန့်ကွက်တာဖြစ်ကြောင်း မြန်မာပင်လယ်ရေကြောင်း အလုပ်သမားများအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ကိုရဲဝင်းထွန်းက ပြောပါတယ်။
အမျိုးသမီးသင်္ဘောသားလက်မှတ် ထုတ်ပေးလိုက်ပါက သင်္ဘာသားလောကမှာ မလိုလားအပ်တဲ့ လူကုန်ကူးမှုတွေလည်း ဖြစ်ပွားလာနိုင်တယ်လို့ သူက သုံးသပ်ပြောကြားခဲ့ပါတယ်။
အမျိုးသမီးသင်္ဘောသား ထုတ်ပေးဖို့အတွက် လက်ရှိမှာ နည်းဥပဒေပြဋ္ဌာန်းချက်တွေ မရှိသေးတဲ့အတွက် ဒီဥပဒေ နည်းဥပဒေတွေကို အရင်ပြဋ္ဌာန်းပြီးမှ လက်မှတ်ထုတ်ပေးတာကို လုပ်ဆောင်သင့်ကြောင်း ရေကြောင်းဦးစီးဌာနကို တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာလည်း အမျိုးသမီးသင်္ဘောသားတွေ များစွာရှိနေပြီး လက်မှတ်ထုတ်ပေးထားတာမရှိလို့ လက်မှတ်ထုတ်ပေးဖို့ တောင်းဆိုနေတာတွေလည်း ရှိပါတယ်။
အမျိုးသမီးသင်္ဘောသားတွေအတွက် seaman book နဲ့ seaman passport ထုတ်ပေးနိုင်ရေးအတွက် ဆွေးနွေးပွဲကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၈ ရက်နေ့က ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှာ ပြုလုပ်ခဲ့ပါတယ်။