အင်ဂျင်နီယာကောင်စီဥပဒေပြင်ချက်ကို ပြန်အတည်ပြုနိုင်ရန် ကြိုးပမ်းမည်
DVB
·
January 24, 2019
ပြည်သူ့လွှတ်တော်က ပယ်ဖျက်လိုက်တဲ့ အင်ဂျင်နီယာကောင်စီဥပဒေအပေါ် ပြင်ဆင်တဲ့ ဥပဒေကြမ်းပါ အချက် နှစ်ချက်ကို ပြန်လည်အတည်ပြုနိုင်ဖို့ ကောင်စီအနေနဲ့ ကြိုးစားသွားမယ်လို့ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဒုဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောပါတယ်။
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥပဒေအပေါ် ပြင်ဆင်တဲ့ဥပဒေကြမ်းနဲ့ပတ်သက်လို့ အင်ဂျင်နီယာတွေအကြားမှာအငြင်းပွားမှုတွေရှိတာကြောင့် ဇန်န၀ါရီ ၂၃ရက်က မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှာ သတင်းစာရှင်းလင်း ပြောကြားခဲ့တာပါ။
ပြင်ဆင်မယ့် ဥပဒေကြမ်း အခန်း ၂- ည မှာ အင်ဂျင်နီယာဆိုသည်မှာ ဥပဒေအရ ကောင်စီက အသိအမှတ်ပြုထားသော အင်ဂျင်နီယာဘွဲ့ရရှိသူကို ဆိုလိုတဲ့ဆိုတဲ့အချက်နဲ့ မှတ်ပုံတင်အင်ဂျင်နီယာ လက်မှတ်ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အပေါ် အငြင်းပွားမှုတွေရှိတာကြောင့် ပြည်သူ့လွှတ်တော်ကနေ ပယ်ဖျက်လိုက်တာပါ။
အဲဒီလိုပယ်ဖျက်လိုက်တဲ့အပေါ် မြန်မာအင်ဂျင်နီယာကောင်စီကတော့ အဲဒီအချက်တွေ ပြန်လည်ထည့်သွင်းဖို့ အမျိုးသားလွှတ်တော်ကို နှစ်ကြိမ်သွားရောက် ဆွေးနွေးထားပြီး ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌကိုလည်း တင်ပြထားတယ်လို့ ဒုဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောပါတယ်။
ပြည်သူ့လွှတ်တော်အနေနဲ့ အဲဒီအချက်တွေကို ပြန်လည်မထည့်သွင်းဘဲ သဘောထား ကွဲလွဲမယ်ဆိုရင်တော့ ပြည်ထောင်စုလွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူတဲ့အထိ ဖြစ်လာနိုင်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။