လူမွဲခံယူခြင်းဆိုင်ရာဥပဒေကြမ်း အမျိုးသားလွှတ်တော်တွင် တင်သွင်း
ပိုင်စိုး
·
January 23, 2019
မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာဥပဒေကြမ်းကို ဒီနေ့ အမျိုးသားလွှတ်တော်မှာ စတင်သွင်းလိုက်ပြီး ဆက်လက်ဆွေးနွေးဖို့ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ ရန်ကုန်လူမွဲခံယူခြင်းဆိုင်ရာအက်ဥပဒေ The Rangoon Insolvency Act ကို ၁၉၀၉ ခုနှစ်မှာ အိန္ဒိယ အက်ဥပဒေ အမှတ် ၃ အဖြစ် ပြဋ္ဌာန်းခဲ့ပြီး မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာအက်ဥပဒေ The Myanamr Insolvency Act ကိုတော့ ၁၉၂၀ ခုနှစ်မှာ အိန္ဒိယအက်ဥပဒေ အမှတ် ၅ အဖြစ် ပြဋ္ဌာန်းခဲ့ဖူးပါတယ်။
အဆိုဥပဒေ ၂ ခုကို ခေတ် အခြေအနေနဲ့ လျော်ညီစေဖို့ ဥပဒေမူကြမ်းတင်သွင်းတာ ဖြစ်တယ်လို့ ဥပဒေမူကြမ်းလွှတ်တော်မှာတင်သွင်းခဲ့တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြဟန်ကပြောပါတယ်။
“ဥပဒေ နှစ်ခုကို ခေတ် အခြေအနေနဲ့ လျော်ညီစေဖို့နဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီစေဖို့ လူပုဂ္ဂိုလ် လူမွဲခံယူခြင်းဆိုင်ရာ ကိစ္စရပ်တွေအပြင် ကုမ္ပဏီတွေ၊ မိုက်ခရို၊ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ ပြန်လည် ထူထောင်တာ၊ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းဆိုင်ရာ ကိစ္စတွေ ပြဋ္ဌာန်းခြင်း၊ မြီရှင်နဲ့ မြီစားတို့ အကြား တရားရုံးပြင်ပမှာ ညှိနှိုင်းနိုင်တဲ့ ပြဋ္ဌာန်းချက်တွေ၊ မြီစားတွေ ပြန်လည်ရှင်သန်စေဖို့ အခွင့်အရေးပေးတဲ့ ပြဋ္ဌာန်းချက်တွေ၊ နယ်စပ်ဖြတ်ကျော် လူမွဲမှုခင်းဆိုင်ရာ ပြဋ္ဌာန်းချက်တွေ ပါဝင်ပါတယ်”
အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အစီရင်ခံစာတင်သွင်းရာမှာတော့ ဥပဒေကြမ်းခေါင်းစဉ် မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေ ဆိုတာကို ပိုပြီး လေးနက် ပြည့်စုံစေဖို့အတွက် မြီစားပြန်လည် ထူထောင်ခြင်းဆိုင်ရာဥပဒေ လို့ ပြင်ဆင်ဖို့ အကြံပြုပါတယ်။
ကော်မတီအဖွဲ့ဝင် ဦးစိုင်းထွန်းအောင်က “အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဟာ မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်း၊ မြန်မာနိုင်ငံ ကုန်သည်နဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့က တာဝန်ရှိသူတွေ၊ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်က ပညာရှင်တို့နဲ့ အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ဖြစ်တာကြောင့် အမျိုးသား လွှတ်တော်က အတည်ပြု ဆောင်ရွက်နိုင်ဖို့ အစီရင်ခံပါတယ်” လို့ ပြောပါတယ်။
ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ် တွေရှိရင် လာမယ့် တနင်္လာနေ့ နောက်ဆုံးထားပြီး စာရင်းပေးကြဖို့ လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။