Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် ကားမှောက်ပြီး မြန်မာ ၄ ဦးသေ၊ ၁၉ ဦးဒဏ်ရာရ
နန်းမြနဒီ
·
January 23, 2019
4DQpjUtzLUwmJZZPFiY6rfAsiMwwBsgEXLqsyuGEFHeS
ထိုင်းနိုင်ငံတောင်ပိုင်း၊ ချွန်းဖွန်းခရိုင်မှာ မနေ့ညက မြန်မာနိုင်ငံသားတွေလိုက်ပါလာတဲ့ ယာဉ်တစီးမတော်တဆတိမ်းမှောက်ပြီး ၄ ဦးသေဆုံး၊ ၁၉ ဦး ဒဏ်ရာရသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ မနေ့ည ၈ နာရီခွဲလောက်က ချွန်းဖွန်းမြို့နယ်  အာရှလမ်းမကြီးပေါ်မှာ ယာဉ်တိမ်းမှောက်ပြီး ထိခိုက်ဒဏ်ရာရသူတွေပါရှိကြောင်းသတင်းအရ လူနာတင်ယာဉ်နဲ့အတူ သွားရောက်စစ်ဆေးခဲ့ တယ်လို့ ခွန်းဖွန်းခရိုင်ရဲတပ်ဖွဲ့ ဒုရဲအုပ် နန်ထိယာရတ်ဆမီက သတင်းထောက်တွေကို ပြောပါတယ်။ အဆိုပါနေရာကို ရောက်သွားတဲ့အခါမှာ လမ်းမကြီးဘက်ကနေ မီတာ ၁၀၀ အကွာမှာ တိမ်းမှောက်ပျက်စီးနေတဲ့ အဖြူရောင်တိုယိုတာ ဟိုင်းလပ်ကားတစီးကို တွေ့ရကြောင်း၊ အနီးမှာ အကူအညီတောင်းခံနေတဲ့ ဒဏ်ရာရ လူနာတွေနဲ့ ဟိုတစ ဒီတစ ပြန့်ကျဲနေတဲ့ သေဆုံးသူတွေကို တွေ့ရလို့ လူနာတင်ကားနဲ့ ချွန်းဖွန်းဥဒုမ်းဆဒ်ဆေးရုံကို အမြန်ပို့ဆောင်ပေးခဲ့တယ်လို့ ရဲ အရာရှိက ဆက်ပြောပါတယ်။ စစ်ဆေးချက်အရ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၄ ဦးရှိပြီး ဒဏ်ရာရသူ ၁၉ဦးရှိကြောင်း အားလုံးမြန်မာနိုင်ငံဘက်ကနေ တရားမ၀င် ၀င်ရောက်လာသူတွေဖြစ်ကြပြီး သူတို့ကို တင်ဆောင်လာတဲ့ ကားမောင်းသမား ထိုင်းနိုင်ငံသားကတော့ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၂၉ နှစ်ရွယ်ရှိ နိုင်းပရမစ်ခုံးဝမ်း ဆိုသူ ကားမောင်းသမားရဲ့ ၀န်ခံချက်အရ သူဟာ အဆိုပါ မြန်မာ ၂၃ ဦးကို ရနောင်းခရိုင် ကရပူရီမြို့နယ်ရှိ မြန်မာနယ်စပ်ကနေ ခေါ်လာတာလို့ သိရပါတယ်။ သူတို့ကို စူရတ်ဌာနီခရိုင် ထာ့ချန့်မြို့နယ်ထိ ပို့ပေးဖို့ မြန်မာပွဲစားတဦးက ဆက်သွယ်လာတဲ့ အတွက် တဦးကို ဘတ်ငွေ ၁၀၀၀ နှုန်းနဲ့ ဈေးတည့်ပြီး စစ်ဆေးရေးဂိတ်တွေ တိမ်းရှောင်လာခဲ့ပြီး အခင်းဖြစ်တဲ့နေရာအရောက်မှာ ကားစက်ချို့ယွင်းလို့ လမ်းဘေးကိုထိုး ကျသွားကာအနီးက မယ်ဇလီပင်နဲ့ တိုက်မိပြီး ကားတိမ်းမှောက်သွားတာလို့ ဆိုပါတယ်။ ချွန်းဖွန်းရဲစခန်းကတော့ အဆိုပါကားသမားကို နိုင်ငံထဲ တရားမ၀င်သူတွေ သယ်ဆောင်လာမှု၊ တပါးသူ သေဆုံးထိခိုက်ဒဏ်ရာရသည်ထိ ပေါ့ဆစွာ ယာဉ်မောင်းနှင်မှုတွေနဲ့ အရေးယူဖို့ဖမ်းဆီးထားပြီး လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်သူတွေ၊ ကွင်းဆက်တွေကို ဆက်လက်ဖော်ထုတ်အရေး ယူသွားမယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024