ခရီးသည်တင်ယာဉ်ပေါ်မှ ကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
Aung Aung Naing
·
January 18, 2019
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်းမှာ ဇန်နဝါရီ ၁၇ ရက်နေ့က ခရီးသည်တင် မှန်လုံယာဉ်ပေါ်ကနေ ကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးပြားပေါင်း ၁ သိန်း ဖမ်းဆီးရမိခဲ့ပါတယ်။
၁၆ မိုင် ကျောက်ချောစစ်ဆေးရေးဂိတ်က တာဝန်ရှိသူတွေအနေနဲ့ သတင်းအရ ယာဉ်တွေကို ရှာဖွေစစ်ဆေးနေရာ လားရှိုးကနေ ရန်ကုန်ကို မောင်းလာတဲ့ ခရီးသည်တင် မှန်လုံယာဉ်ကို စစ်ဆေးရှာဖွေရာ ထိုင်ခုံအမှတ် ၁၉/၂၀ မှာ လိုက်ပါလာခဲ့တဲ့ ခရီးသည်ဖြစ်သူ မချိုပြုံးနဲ့ ကိုတင်ငွေ (ခ) ဖိုးထောင်တို့ဆီကနေ စိတ်ကြွဆေးပြား ၁ သိန်းကို ဖမ်းဆီးရမိခဲ့တာပါ။
မချိုပြုံး ထိုင်ခုံအောက် ခရီးဆောင်လက်ဆွဲအိတ် အတွင်းထဲက WY စာတန်းပါ လိမ္မော်ရောင်ဆေးပြား ၅၀၀၀၀၊ တင်ငွေ (ခ) ဖိုးထောင် ထိုင်ခုံအောက် ကျောပိုးအိတ်အတွင်းက ဆေးပြားပေါင်း ၅၀၀၀၀ တို့ကို သိမ်းဆည်းဖမ်းမိခဲ့ပါတယ်။
ပိုင်ရှင်ဖြစ်သူ မချိုပြုံးနဲ့ တင်ငွေ (ခ) ဖိုးထောင်တို့နှစ်ဦးကို အုန်းချောနယ်မြေရဲစခန်းက မူးယစ် (ပ)၅/၂၀၁၉၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉(က)/၂၁ တို့နဲ့ အမှုဖွင့်ပြီး ဖမ်းဆီး အရေးယူထားပါတယ်။