ရခိုင်ပြည်နယ်စစ်ပွဲ သတင်းယူခဲ့စဉ်က
စိုးမိုးအောင်
·
January 17, 2019
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က နယ်ခြားစောင့်ရဲစခန်း ၄ ခုကို ဇန်နဝါရီ ၄ ရက် မနက် ၆ နာရီလောက်မှာ ရက္ခိုင့်တပ်မတော် (အေအေ) လက်နက်အဖွဲ့ကနေ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ရဲမှူးတဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘူးသီးတောင်၊ မောင်တော်ဘက်မှာ သတင်းသွားယူဖို့ ဇန်နဝါရီလ ၅ ရက်နေ့ ည ၇ နာရီလောက်မှာ စာပေစိစစ်ရေးရုံးကနေ ဒီဗွီဘီက တယောက် လိုက်ခဲ့ဖို့နဲ့ မနက် ၅ နာရီခွဲ လေဆိပ် အရောက်လာခဲ့ကြဖို့ ဖိတ်ကြားခဲ့ပါတယ်။
ရုံးက အယ်ဒီတာတွေနဲ့ တိုင်ပင်တော့ ကျနော့်ကို သွားမလား မေးတဲ့အခါ ကျနော်ကိုယ်တိုင်လည်း ရခိုင်ပြည်နယ်ကို တခါမှ မရောက်ဘူးသလို ပဋိပက္ခဖြစ်တဲ့နေရာကို သတင်းရယူရမယ်ဆိုတော့ စိတ်ထဲမှာ ပျော်သလိုခံစားရသလို တဆက်တည်းမှာ ဒီဒေသ သွားရမယ့်အပေါ် စိုးရိမ်မှုလည်း ရှိခဲ့တယ်။ ဒီလိုနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ရခိုင်ပြည်နယ် စစ်တွေမြို့ကို လေယာဉ်နဲ့ ခရီးထွက်ဖြစ်ခဲ့ကြတယ်။
လေယာဉ်ဟာ စစ်တွေမြို့ကို အရင်မဝင်ခင် နေပြည်တော်ကို အရင်ဝင်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ဒုဝန်ကြီး ဦးခင်မောင်တင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်းနဲ့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်တို့ကို အရင်ဝင်ခေါ်ပြီးမှ စစ်တွေမြို့ကို သွားခဲ့ရတယ်။
ဘူးသီးတောင် ရဲကင်းစခန်း ၄ ခု အတိုက်ခံရတဲ့အပေါ် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးဆောင်တဲ့ အဖွဲ့ဟာ ဇန်နဝါရီ ၆ ရက်နေ့မှာ သတင်းမီဒီယာသမား ၁၅ ဦးနဲ့အတူ သွားရောက်မယ်လို့ အစိုးရ ပြန်ကြားရေးက ဇန်နဝါရီ ၅ ရက်ညက သတင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့် တကယ်တမ်း သွားကြတဲ့အခါမှာ သတင်းသမားတချို့ဟာ လေယာဉ်လက်မှတ် အခက်အခဲကြောင့် လှည့်ပြန်ခဲ့ကြရတာလည်း ရှိတာကြောင့် ရန်ကုန်ကနေ သတင်းတိုက် ၅ ခုပဲ လိုက်ပါခဲ့ရတယ်။ ဒီလိုနဲ့ စစ်တွေလေဆိပ်ရောက်တဲ့အခါ အစိုးရအစီအစဉ်နဲ့ ကျနော်တို့ သတင်းသမားတွေကို စစ်တွေဟိုတယ် လိုက်ပို့ခဲ့ကြပြီး နောက်ပိုင်းမှာတော့ အဲဒီနေ့ မသွားဖြစ် ခဲ့ပါဘူး။
ကျနော်တို့အဖွဲ့တွေမသွားခင် တရက်စောပြီး တပ်မတော်ခရီးစဉ်နဲ့ပါသွားတဲ့ သတင်းသမားတွေ ပြောပြချက်အရတော့ သူတို့က တိုက်ပွဲတွေကြောင့် ဘူးသီးတောင် မောင်တောဘက်မှာ တညအိပ်ခဲ့ရပြီး ကျနော်တို့အဖွဲ့ စစ်တွေရောက်မှ ရဲကင်းစခန်းတွေဆီ သွားရတယ်တဲ့။ အဲဒီဘက်တွေမှာ အူရီဒူးဖုန်းတွေ လိုင်းမမိကြောင်းနဲ့ တယ်လီနောဖုန်းကတ်တွေပဲ အဆင်ပြေကြောင်း ဖုန်းဆက်ပြောခဲ့တယ်။ အဲဒီနေ့မှာ သွားဖို့ရည်ရွယ်ထားတဲ့ ကျနော်တို့ခရီးစဉ် ရက်ရွှေ့လိုက်ရတာဟာ တပ်မတော် ထောက်ပို့ယာဉ် ၂ စီးပဲ ရှိတဲ့အပေါ် မအားတာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ရပါတယ်။
ကျနော်တို့အဖွဲ့ စစ်တွေမှာ တနေကုန်ရှိနေမယ့်အတူတူ အဲဒီက ဒေသခံသတင်းထောက်တွေ အကူအညီနဲ့ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင် ဒုက္ခသည်စခန်းနဲ့ ကျောက်တော်မြို့နယ်က စစ်ဘေးရှောင် ဒုက္ခသည်စခန်းဆီ သွားခဲ့ကြတယ်။
ကျောက်တော်မြို့နယ် ဝါးတောင် စစ်ဘေးရှောင်စခန်း ရောက်တဲ့အခါ အကူအညီပေးနေကြတဲ့ ရခိုင်လူငယ်ပရဟိတအဖွဲ့ ၄ ဖွဲ့လောက် တွေ့ရတယ်။ သူတို့က ဒီစခန်းကနေ နောက်စခန်းတခုဆီသွားဖို့ ပြင်နေတာနဲ့ အင်တာဗျူးရဖို့ အရင်ကြိုးစားတဲ့အခါ ဒီစခန်းမှာ သောက်သုံးရေ အရေးတကြီး လိုအပ်နေသလို အိမ်သာမရှိတာ၊ ကလေးငယ်တွေ ဝမ်းရောဂါဖြစ်နေတာ၊ ဆောင်းရာသီမှာ အဝတ်အစားမရှိတာ၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီး လိုအပ်တာနဲ့ စစ်ဘေးရှောင်ပြည်သူတွေ မြေကြီးမှာ ဖြစ်သလိုနေရတာတွေ ကူညီဖို့ လိုတယ်ဆိုပြီး ပြောသွားကြတယ်။
စခန်းက တာဝန်ရှိသူတဦးကို မေးမြန်းတဲ့အခါ မြန်မာစကား သိပ်မပြောတတ်လို့ ကြားကနေ ဒုက္ခသည်တွေကို အကူအညီလာပေးနေတဲ့ အသက် ၅၀ အရွယ် အမျိုးသမီးကြီးတယောက်က ဘာသာပြန်ပေးရပါတယ်။
စစ်ဘေးရှောင်စခန်းက တာဝန်ရှိသူတွေကို တွေ့ဆုံးမေးမြန်းမလုပ်ခင် စခန်းက စစ်ဘေးရှောင်မဟုတ်သူတချို့က အင်တာဗျူးဖြေမယ့်သူတွေကို အခုလိုဖြစ်တာ အေအေအဖွဲ့ကြောင့် မဟုတ်ဘူးနော်ဆိုတဲ့ စကားတွေကို သူတို့ကို ကြိုပြောတာလည်း ကြုံခဲ့ရတယ်။
ဒီစခန်းကို ၂၀၁၈ ဒီဇင်ဘာလ ၃၀ ရက်နေ့က စပြောင်းလာတာဖြစ်ပြီး တပ်မတော်နဲ့ အေအေ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာသူတွေရှိသလို တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ကနေ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာ စားနပ်ရိက္ခာတွေကို များများစားစား သယ်ယူခွင့်မပြုတဲ့အပေါ် ရှောင်တိမ်းလာတာလို့ စခန်းတာဝန်ခံတွေက ပြောခဲ့တယ်။ ဒါပေမယ့် သူတို့ကို သွားလာခွင့်ပေးထားသလို ရိက္ခာတနိုင်တပိုင်လောက် သယ်ယူတာတော့ ခွင့်ပြုပေးထားပါတယ်။
ဒီဇင်ဘာလထဲက စတင်ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ အေအေတိုက်ပွဲတွေ၊ ရဲတပ်ဖွဲ့ကို အေအေဘက်က စီးနင်းတိုက်ခိုက်မှုတွေကို ကြည့်ရင် စစ်ရှောင်စခန်းတွေနဲ့ ရဲကင်းစခန်း အတိုက်ခံရတဲ့ ဒေသခံတွေ ပြောစကားအရ လက်ရှိတိုက်ပွဲတွေမှာ ဒေသခံတွေ ထိခိုက်မှု မရှိသေးတာကို တွေ့ရပါတယ်။
ဝါးတောင်စစ်ဘေးရှောင်စခန်းမှာ ဇန်နဝါရီ ၆ ရက်နေ့အထိ စစ်ဘေးရှောင်ပြည်သူ ၁၃၀၀ ကျော်ရှိပြီး ကလေးငယ် ၆၀၀ လောက် ပါဝင်နေတာ တွေ့ရပါတယ်။ ဒီစခန်းမှာ အများဆုံးကတော့ မြိုတိုင်းရင်းသားတွေများပါတယ်။ အဲဒီမှာ ကျန်းမာရေးဝန်ကြီးဌာနက အခမဲ့ကုသပေးနေတဲ့ ဆေးပေးခန်းတခုဖွင့်ထားတာ တွေ့ရသလို ကလေးငယ်တွေမှာ အနေအထိုင် အစားအသောက် ဆင်းရဲတာ၊ အဝတ်အစားချို့တဲ့တာတွေ တွေ့ခဲ့ရတယ်။ တချို့ကလေးငယ်တွေ မြေကြီးမှာ အခင်းမရှိဘဲ စုပြီးထိုင်နေကြသလို တချို့ကလေးငယ်တွေက အဝတ်အစား မရှိကြဘဲ သူတို့မျက်နှာတွေမှာ ညှိုးငယ်မှုတွေလည်း မြင်နေရတယ်။
ကျနော်တို့ရောက်နေချိန် ကလေးကို ကစားစရာပစ္စည်းတွေဝေတော့ သူတို့မျက်နှာတွေဟာ ညှိုးငယ်မှုကြားကပဲ အရုပ်တွေကို လိုချင်နေကြတဲ့ မျက်လုံးတွေကနေ ပျော်ရွှင်မှုတချို့ မြင်ခဲ့ရတယ်။ ဒါပေမယ့် ကလေးငယ်အတော်များများ ရယ်မောနေတာ မတွေ့ရဘူး။ ဒီစခန်းက ဆေးခန်းမှာ ဆေးလာယူတဲ့သူတွေ မပြတ်တာ တွေ့ရသလို လူကြီးတချို့က ပတ်တီးတွေနဲ့ မြေပြင်ပေါ်က အခင်းမှာ ကုလားထိုင်နဲ့ ထိုင်နေတာတွေ့ရသလို တချို့လူကြီးတွေက အခင်းမရှိတဲ့တဲထဲမှာ အိပ်နေတာလည်း တွေ့ခဲ့တယ်။ တချို့ကလေးတွေက ရခိုင်မုန့်တီကို လူကြီးတွေစားနေသလို ပါးစပ်ထဲအပြည့် ထည့်စားတာတွေ့ရသလို တချို့ကလေးငယ်တွေက တယောက်တည်း ကစားနေကြတယ်။
အဲဒီကနေ ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်း ရောက်တဲ့အခါ စခန်းအဝင်ဝမှာပဲ အမျိုးသမီး အမျိုးသားတွေဟာ လက်ယက်ရေတွင်းထဲက မကြည်လင်တဲ့ ရေတွေကို ရေခွက်နဲ့ ခပ်သူကခပ်၊ ချိုးသူကချိုး၊ အဝတ်လျှော်သူကလည်း အဲဒီနားမှာ အဝတ်လျှော်နေကြတယ်။ အစိုးရဆေးပေးခန်းတခု ရှိပေမယ့် ဒီစခန်းက မြိုလူမျိုး ၄၀၀ ဝန်းကျင်လောက်ပဲ ရှိလို့ထင်တယ် အမြဲတမ်းဖွင့်တာ မတွေ့ရဘူး။
ကျနော်တို့ရောက်တဲ့အချိန် ဆေးခန်းပိတ်ထားတာ တွေ့ရတယ်။ ဒီစခန်းက အိမ်ထောင်စုတွေကတော့ ရွာပေါင်း ၈ ရွာလောက်ကနေ တပ်မတော်နဲ့ အေအေအဖွဲ့ တိုက်ပွဲတွေဖြစ်နေလို့ ဒီဇင်ဘာ ၁၆ ရက်နေ့တည်းက သူတို့ရွာမှာ အသက်အရွယ်ကြီးကြီးတချို့ အစောင့်ထားခဲ့ပြီး ပြောင်းလာကြတာလို့ စခန်းရဲ့ခေါင်းဆောင် ကိုဘီးစီထက ပြောတယ်။ သူတို့နေရပ်ကို သူတို့ပြန်ချင်ပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အပေါ် ဘယ်အချိန်ပြန်နိုင်မလဲဆိုတာ သူကိုယ်တိုင် မရေမရာ ဖြစ်နေပုံပါပဲ။
"ကျနော်တို့ ပြန်ဖို့ဆိုတာ ကျနော်တို့ ပြောလို့မရဘူး။ အခြေအနေအပေါ်မှာပဲ ကျနော်တို့ ရှိနေတယ်။ အခြေအနေကောင်းရင် သွားမယ်။ မကောင်းဘူး ဒီအတိုင်းပဲဆိုရင်တော့ သွားလို့မဖြစ်ဘူးထင်တယ်” လို့ ကိုဘီးစီထက ညည်းတွားရင်း ပြောပါတယ်။
ဒီစခန်းကတော့ ကျနော်တို့သွားချိန်မှာ ငါးခြောက်တွေ၊ ကြက်ဥနဲ့ ကြက်သွန်ဖြူတွေကို အိမ်ထောင်စုအလိုက် ဝေပေးဖို့ မိုးကာအခင်းပေါ် စုပုံထားတာ တွေ့ရပြီး ဘေးမှာတော့ ကလေးတွေရော လူကြီးတွေပါ ထည့်စရာပုံးတွေ ကိုယ်စီနဲ့ စောင့်နေကြတယ်။
ဒီစခန်းက ကလေးငယ်တွေ လူကြီးတွေက စားစရာမုန့်တွေ ဝေပေးတဲ့အခါ အလုအယက် တိုးဝှေ့ပြီး ယူနေတာလည်း မြင်ရတယ်။ ဒီစခန်းကတော့ ဆန်၊ ဆီ၊ ဆားက အဓိကလိုအပ်တယ်လို့ ပြောထားသလို သောက်သုံးရေနဲ့ အခြားလိုအပ်ချက်တွေလည်း ရှိတယ်လို့ ပြောပါတယ်။
ဇန်နဝါရီ ၇ ရက်နေ့ မနက် ၈ နာရီလောက် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးနဲ့ ရဲချုပ်တို့က တပ်မတော်ရဟတ်ယာဉ်တစီးနဲ့ မောင်တောမြို့နယ်ကို သွားကြသလို ပြန်ကြာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင် ဦးဆောင်တဲ့ သတင်းမီဒီယာ ၁၀ ဦးလောက်ပါတဲ့ ကျနော်တို့သတင်းသမားအဖွဲ့က ရဟတ်ယာဉ်တစီးနဲ့ လိုက်ပါခဲ့ကြတယ်။
ဒီလိုနဲ့ မိနစ် ၅၀ လောက်အကြာမှာ မောင်တောမြို့နယ် ရဲတပ်ဖွဲ့ရုံးတခုမှာ ရဟတ်ယာဉ်နှစ်စီး ရှေ့ဆင့်နောက်ဆင့် ဆင်းခဲ့ကြတယ်။ ဒီစခန်းမှာတော့ ရဲတပ်စခန်းအသစ်တွေ အတော်များများ တိုးချဲ့ဆောက်နေတာ တွေ့ရသလို ကျနော်တို့သွားမယ့် လမ်းတလျှောက်မှာ သိပ်မကွာလှတဲ့ တနေရာနဲ့တနေရာ လမ်းဆုံလမ်းခွတွေမှာ အရပ်ဝတ်လူတွေ ရဲတပ်ဖွဲ့ဝင်တွေ စောင့်ကြည့်နေတာ မြင်ခဲ့ရတယ်။ ကျနော်တို့နဲ့အတူလည်း ရှေ့ပြေးရဲကားတွေ အပါအဝင် လုံခြုံရေးအပြည့် စောင့်ကြပ်တာတွေ လုပ်ထားတာ တွေ့ခဲ့ရတယ်။
မောင်တောမြို့ကို ရောက်ရောက်ချင်း ဒဏ်ရာရ ရဲတပ်သားတွေရှိတဲ့ ပြည်သူ့ဆေးရုံကြီးကို ဒုဝန်ကြီးဦးဆောင်တဲ့ အဖွဲ့က သွားရောက်တွေ့ဆုံတာတွေ အားပေးစကားပြောတာတွေ လုပ်ခဲ့သလို ရဲတပ်သားတဦးစီကိုလည်း ဒုဝန်ကြီးက ထောက်ပံ့ကြေးပေးခဲ့တယ်။ ဒီလိုပဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ကလည်း ဒဏ်ရာရ ရဲတပ်သား တဦးချင်းစီကို ထောက်ပံ့ကြေးတွေ ပေးအပ်ခဲ့ကြတယ်။ ကျနော်လည်း ဒုဝန်ကြီးနဲ့ ရဲချုပ်တို့ ထောက်ပံ့ကြေးပေးတာတွေကို သတင်းမှတ်တမ်းရိုက်အပြီး ဒဏ်ရာရ ရဲသားတယောက်ကို ရတဲ့အချိန်လေး အင်တာဗျူးလုပ်ဖို့အတွက် ဘေးနားက ရဲအရာရှိတယောက်ကို ကျနော် အင်တာဗျူးလုပ်ချင်လို့ လုပ်လို့ရမလားဆရာလို့ ခွင့်တောင်းလိုက်တော့ ဒုဝန်ကြီးလမ်းကြောင်းနဲ့ ပါလာတဲ့ ကျနော်တို့အဖွဲ့ကို ဒီအရာရှိကလည်း အင်တာဗျူးလုပ်ဖို့ မလုပ်ဖို့ မပြောရဲဘူး ထင်ပါတယ်။
ဒုဝန်ကြီးနဲ့ ရဲချုပ်လမ်းကြောင်းဆိုတော့ ဆေးရုံထဲမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း ရဲမှူးကြီးတွေ ရဲမှူးတွေက အနိမ့်ဆုံးရှိမယ်လို့တော့ ယူဆရပါတယ်။ ငါလည်း မသိဘူးလေကွာဆိုပြီး ပြန်ပြောတာနဲ့ ကုတင်ပေါ်မှာရှိနေတဲ့ ရဲတပ်သား ခွန်သက်နိုင်စိုးကို သွားမေးဖြစ်ခဲ့တယ်။ သူကတော့ မနက် ၆ နာရီလောက်မှာ ငမြင်းဘော် ရဲကင်းစခန်းကို ဝင်တိုက်နေတဲ့အသံတွေ ကြားနေတုန်း အေအေဘက်ကနေ လက်နက်ကြီးတွေ အတွဲလိုက်ပစ်ခဲ့ပြီး အေအေအဖွဲ့က အတွင်းစည်းထဲ ရောက်လာတာကြောင့် သူတို့က အပြင်စည်းကနေ ခုခံရင်း ရဲမှူးတဦးနဲ့ ရဲတပ်ကြပ်တဦး ကျသွားတယ်လို့ ပြောပါတယ်။ သူကိုယ်တိုင်လည်း ခြေထောက်၊ ကျောပြင်နဲ့ ဦးခေါင်းမှာ ဒဏ်ရာတွေ ရရှိခဲ့လို့ ဆေးရုံတက်နေရတာတဲ့။
ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ အွန်လိုင်းကနေ မြဝတီရုပ်သံရဲ့ ကြေညာချက်အရ ငမြင်းဘော်ရဲကင်းစခန်းကို လူအင်အား တရာလောက်နဲ့ တိုက်ခိုက်တယ်လို့ သတင်းမှာ ဖော်ပြထားသလို ဒုတိယအနေနဲ့ ကျောင်းတော် ရဲကင်းစခန်းကိုလည်း လူအင်အားတရာလောက်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားတယ်။ ဆက်ပြီးတော့ ဂုပ္ပိရဲကင်းစခန်းကို လူအင်အား ၅၀ ခန့်နဲ့ တိုက်ခိုက်ခဲ့သလို နောက်ဆုံး ခထီးလှ ရဲကင်းစခန်းကိုလည်း အေအေဘက်က လူအင်အားတရာလောက်နဲ့ တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးကာ ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားတာ တွေ့ရတယ်။
အတိုက်ခံရတဲ့ ငမြင်းဘော်ရဲကင်းစခန်းက ရဲတပ်ဖွဲ့ဝင် ၉ ဦးအထိ အကျအရှုံးများပြီး ရဲကင်းစခန်းကို စွန့်ခွာတဲ့အထိ ဖြစ်ခဲ့ပုံရပါတယ်။ ပြီးတော့ ဒုတိယအတိုက်ခံရတဲ့ ကျောင်းတော်ရဲကင်းစခန်းကတော့ စခန်းကို လက်လွှတ်ပေးခဲ့ရပြီး ရဲမှူးတဦးနဲ့ တပ်ကြပ်တဦး ကျဆုံးသွားခဲ့ပုံ ရပါတယ်။ ရဲချုပ်ကတော့ အဲဒီဒဏ်ရာရ ရဲဘော်တွေရဲ့ဒဏ်ရာတွေကို ကိုင်ကြည့်ပြီး နှစ်သိမ့်နေတာလည်း မြင်ခဲ့ရတယ်။
ဒုဝန်ကြီးဦးဆောင်တဲ့အဖွဲ့က ဆေးရုံကနေ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးကို ဆက်သွားခဲ့သလို အဲဒီမှာ ကျဆုံးသွားတဲ့ ရဲတပ်သားတွေရဲ့ မိသားစုတွေကို ဒုဝန်ကြီးက အစိုးရအဖွဲ့ကိုယ်စား ထောက်ပံ့ကြေးပေးအပ်ခဲ့တယ်။ ရဲချုပ်ကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စား ထောက်ပံ့ကြေး ပေးအပ်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ရဲချုပ်ကနေ ဒီရဲကင်းစခန်းတွေဟာ ဘူးသီးတောင်မြောက်ပိုင်းက မြို၊ ခမီ၊ ဒိုင်းနက်နဲ့ ရခိုင် စတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ လုံခြုံရေးအတွက် အဓိကဆောင်ရွက်ပေးနေတဲ့ ရဲကင်းစခန်းတွေလို့ ပြောသွားတာ တွေ့ရပါတယ်။
"ဒီစခန်းတွေကို အခုလို တိုက်ခိုက်ခံရပြီးတော့ တိုက်ခိုက်ခြင်းလုပ်ရပ်တွေက ကျနော်တို့အတွက် အဓိက နောက်ကျောကို ဓားနဲ့ထိုးသလို ခံစားနေရပါတယ်လို့ စိတ်ထဲမှာ ခံစားနေရပါတယ်" လို့လည်း ရဲချုပ်က ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ရဲကင်းစခန်းတွေကို အေအေဘက်က သာလွန်တဲ့အင်အားနဲ့ တိုက်ခိုက်ခဲ့ပေမယ့် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ တတ်နိုင်သမျှ အကောင်းဆုံး ခုခံခဲ့တယ်လို့ ရဲချုပ်က ချီးကျူးစကား ပြောဆိုခဲ့တာ မြင်ရတယ်။ တပ်မတော်နဲ့ လက်တွဲပြီး လူမျိုးခြားတွေ အန္တရာယ်မပြုနိုင်အောင် နယ်မြေလုံခြုံရေး ရပ်ရွာအေးချမ်းသာယာရေး ဆောင်ရွက်နေချိန် အတိုက်ခံရလို့ နောက် ဒီလိုအဖြစ်မျိုးတွေမကြုံဖို့ လိုအပ်တဲ့ လုံခြုံရေး တိုးမြှင့်သွားမယ်လို့လည်း ရဲချုပ်က ပြောဆိုထားတာ တွေ့ရပါတယ်။
ရဲချုပ်မိန့်ခွန်းပြောအပြီး ကျဆုံးရဲတပ်ဖွဲ့ဝင် မိသားစုတွေကို ထောက်ပံ့ငွေ ပေးအပ်အပြီးမှာ ရဲမှူးချုပ်မြင့်တိုးကနေ ကျနော်တို့ သတင်းသမားတွေကို အချိန် ၁၅ မိနစ်လောက် တိုက်ပွဲအတွေ့အကြုံတွေနဲ့ သတင်းသမားတချို့ရဲ့ မေးမြန်းမှုတွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဘူးသီးတောင်မြို့နယ်က ရဲကင်းစခန်း (၄) ခုကို အေအေလက်နက်ကိုင်အဖွဲ့ကနေ ဝင်လမ်း၊ ဆုတ်လမ်းတွေနဲ့ စနစ်တကျ တိုက်ခိုက်ခဲ့တာကို ပါဝါပွိုင့်တွေနဲ့ အရင်ဆုံး ရှင်းလင်းခဲ့ပါတယ်။ ရဲမှူးချုပ်မြင့်တိုးကလည်း ၂၀၁၆/၂၀၁၇ ရခိုင်ပဋိပက္ခဖြစ်စဉ်တွေမှာ အာဆာ အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ်ကို အလစ်အငိုက်ရယူပြီး တကျော့ပြန် ဝင်လာမယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အပေါ် လုံခြုံရေးယူ ဆောင်ရွက်ချိန် အေအေအဖွဲ့က ရုတ်တရက် တိုက်ခိုက်ခဲ့တာကြောင့် နောက်ကျောကို ဓားနဲ့ထိုးတာလို့ စွပ်စွဲထားတာ တွေ့ရပါတယ်။ ရဲစခန်းတွေ အတိုက်ခံရတဲ့အပေါ်မှာ တိုင်းရင်းသားတွေထဲက အချို့ဒေသခံတွေဟာ အေအေထဲကို ဝင်ရောက်တာ ရှိနိုင်တာကြောင့် အဲဒီလူတွေနဲ့ပတ်သက်ပြီး ဆွေမျိုးမိတ်ဆွေတွေလည်း ရှိနိုင်ပေမယ့် အေအေအဖွဲ့ကို အားပေးတယ်လို့လည်း ပြောလို့မရဘူးလို့ ရဲမှူးချုပ်က မီဒီယာတွေရဲ့ အမေးကို ဖြေပါတယ်။
"ဆွေမျိုးညာတကာ မိတ်ဆွေတွေလည်း ရှိမှာပေါ့။ သူတို့ကို အားပေးတယ်လို့လည်း ကျနော်တို့ ပြောလို့မရပါဘူး။ အားမြှောက်တယ်လို့လည်း ပြောလို့မရဘူး။ သို့သော်လည်းပဲ နီးရာဓားကြောက်ရတဲ့ဟာမျိုး ဖြစ်တာပေါ့နော်” လို့ ရဲမှူးချုပ်မြင့်တိုးက ဆိုပါတယ်။
အေအေရဲ့ တိုက်ခိုက်မှုအပေါ် အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် စစ်ကူပစ်ကူတွေဟာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် စစ်ရဲ့သဘောအရ လမ်းကြောင်းရှင်းသွားရတဲ့အပေါ် ၁ မိနစ်သွားရတဲ့အပေါ် ၁၀ မိနစ်လောက် သွားရတာကြောင့် ကြန့်ကြာတာတွေ ရှိခဲ့တာလို့လည်း ရဲမှူးချုပ်က ထပ်လောင်းပြောပါတယ်။
မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကနေ ကထီးလှရဲကင်းစခန်းကို သွားရာမှာ ရဟတ်ယာဉ်ဆင်းသက်ဖို့ အခက်အခဲကြောင့် ၂ စင်းတပြိုင်နက် ဆင်းသက်လို့မရဘဲ တစင်းပြီးမှ တစင်း အလှည့်ကျစနစ်နဲ့ ဆင်းသက်ခဲ့ရတယ်။ ကထီးလှရွာ စာသင်ကျောင်းရှေ့မှာ ရဟတ်ယာဉ်ဆင်းရတော့ အဲဒီရွာက ကလေးငယ်တွေ၊ ရွာသူရွာသားတွေ ကျနော်တို့အဖွဲ့ကို ဝိုင်းကြည့်နေကြတာလည်း မြင်ခဲ့ရတယ်။ စခန်းက ရဲဘော်တွေအတွက် အစိုးရက ထောက်ပံ့တဲ့ ပစ္စည်းတွေကို ကျနော်တို့နဲ့ပါလာတဲ့ သူတချို့က သယ်တာ တွေ့ရသလို ရွာသားလို့ထင်ရတဲ့ သူတချို့ကလည်း ကူသယ်ပေးတာ တွေ့ရတယ်။ ရဟတ်ယာဉ်ကွင်းကနေ အတိုက်ခံရတဲ့ ရဲကင်းစခန်းကို သွားတော့ ရဲကင်းစခန်းနားအရောက် တောင်ခြေမှာ မီးလောင်နေတဲ့ နေအိမ်နဲ့ ခြံတခြံကို မြင်ရတော့ အဲဒါ လက်နက်ကြီးပစ်ချက်ကြောင့် မီးလောင်သွားတဲ့အိမ် ဆိုတာနဲ့ ကျနော်တို့ သတင်းသမားတွေ အပြေးအလွှား ရိုက်ကြတယ်။ အဲဒီကနေ ရဲကင်းစခန်း တောင်ပေါ်ကိုတက်တော့ ရဲကင်းစခန်း ပတ်လည်မှာ ဝါးချွန်တွေ၊ ဝါးတွေနဲ့ စခန်းကို ကာရံထားသလို အပေါ်ရောက်တော့ စခန်းနံရံတွေမှာ သေနတ်ထိမှတ်ထားတဲ့ အရာတွေ၊ ခေါင်မိုးမှာ လက်နက်ကြီးမှန်ထားတဲ့ အပေါက်တွေ တွေ့ရတယ်။
ကထီးလှစခန်းကိုတော့ မနက် ၆ နာရီလောက်မှာ စခန်းကမွေးထားတဲ့ ခွေးတွေက စဟောင်တဲ့အပေါ် ရဲတပ်ဖွဲ့ဝင်တွေကစပြီး သေနတ်တချက် ပစ်ဖောက်လိုက်တယ်တဲ့။ အဲဒီနောက်မှာတော့ အေအေဘက်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပြန်ပစ်ခတ်ခဲ့တယ်လို့ ဒုရဲအုပ်တင့်နိုင်ထွန်းက ပြောခဲ့တယ်။ နံနက် ၇ နာရီလောက်မှာ အေအေဘက်ကနေ ဘာမှမဖြစ်ဘူးဆိုပြီး လက်နက်ချဖို့ ပြောတယ်တဲ့။ အဲဒီအပေါ်မှာ ပြန်လည်ခုခံရင်းနဲ့ အေအေဘက်ကနေ စခန်းနားအထိ ရောက်လာတဲ့အပေါ် ရဲကင်းစခန်းထဲကို လူစုပြီး ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သူကပြောပါတယ်။
"နောက်ပိုင်း သူတို့ရဲ့ပစ်အားတွေ အဆမတန်များလာတော့ ဘယ်လိုမှ မပစ်နိုင်တဲ့အချိန်မှာ ကျနော်တို့ ဒီအဆောက်အဦမှာ စုရပ်လုပ်ပြီး ဟိုနားမှာ တယောက်နေ၊ ဒီနားမှာတယောက်နေ ဆိုပြီး ကျနော် ခွဲပြီးပစ်ခိုင်းပါတယ်။ ၉ နာရီခွဲလောက်ကြမှ ဒီကောင်တွေ ပြန်ပြီး စစ်ကူ ပစ်ကူတွေပေး၊ ခြေလျင်တပ်တွေ လာတာကြမှ ဒီကောင်တွေပြန်ပြီး ဆုတ်ခွာသွားပါတယ်” လို့ ကထီးလှရဲကင်းစခန်းမှာ (၇) လခန့်ပဲ တာဝန်ထမ်းဆောင်ရသေးတဲ့ ဒုရဲအုပ်တင့်နိုင်ထွန်းက ဆိုပါတယ်။
ကထီးလှစခန်းမှာ ရဲတပ်သား ၂ ဦး ကျဆုံးခဲ့ပြီး ၃ဦးကတော့ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒုရဲအုပ်ရဲ့ ခန့်မှန်းခြေအရ အေအေဘက်က လူအင်အား ၁၅၀ နဲ့ ၂၀၀ အကြားရှိတယ်လို့ ခန့်မှန်းထားပြီး သူကိုယ်တိုင်ကတော့ အထက်ရဲ့ညွှန်ကြားမှုကို လိုက်နာရင် ဘာမှမဖြစ်ဘူးလို့ ယုံကြည်နေသလို သူတို့အသက်သေမှ စခန်းကျမယ်လို့လည်း ပြောပြီး တိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီစခန်းမှာပဲ တိုက်ပွဲဝင်ခဲ့တဲ့ တပ်ကြပ် ဝင်းကိုကတော့ အေအေအဖွဲ့ဟာ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့သလို စနိုက်ပါသေနတ်တွေနဲ့ ဝဲယာက တောင်ကုန်းကနေ ပစ်ခတ်ခဲ့ပြီး စခန်းအောက်ခြေမှာရှိတဲ့ လူနေအိမ်ဘက်ကလည်း စနိုက်ပါနဲ့ ပစ်ခဲ့တဲ့အပေါ် အတော်စိတ်ဆိုးနေပါတယ်။
"ကျနော်တို့က ရခိုင်လူမျိုးတွေကို လာစောင့်ရှောက်ပေးတာပါ။ ဒါပေမယ့် အဲဒီလို စောင့်ရှောက်ကူညီပေးတဲ့လူကို သူတို့လုပ်တာပါ” လို့ သတင်းသမားတွေကို မကျေနပ်တဲ့ အမူအရာနဲ့ ပြောခဲ့တယ်။ သူ့အနေနဲ့ အေအေအဖွဲ့ကို ဘာနဲ့ပစ်တာလဲလို့ သတင်းထောက်တွေရဲ့ အမေးကိုလည်း ကင်းစောင့်နေရင်း သူ့ရင်မှာပိုက်ထားတဲ့ သေနတ်ကို ဂုဏ်ယူစွာနဲ့ ပုတ်ပြပြီးတော့ ဒီသေနတ်နဲ့ပစ်တာ” လို့ ဆိုပါတယ်။
ကျနော်တို့ သတင်းသမားတွေပါတဲ့ ရဟတ်ယာဉ်မှာ ပြန်ကြားရေး အမြဲတမ်းအတွင်းဝန်က ဦးဆောင်ပါလာတာကြောင့် ရဲကင်းစခန်းတွေ သတင်းယူတဲ့အခါမှာ အခက်အခဲ သိပ်မရှိခဲ့ပါဘူး။ ကျနော်တို့အဖွဲ့ ကထီးလှရဲကင်းစခန်းက ပြန်အထွက်မှာတော့ လမ်းမမှာ ကျနော်တို့နဲ့အတူ လမ်းလျှောက်လာတဲ့ အမျိုးသားတွေနဲ့ ကလေးငယ်တွေထဲက အမျိုးသားတဦးကို တိုက်ပွဲနဲ့ပတ်သက်ပြီး မေးကြည့်လိုက်တယ်။ တိုက်ပွဲတွေကြောင့် ဒီရွာကလူတွေ စစ်ဘေးရှောင်စခန်းတွေ သွားကြသေးလားဆိုတော့ သူတို့ရွာကတော့ ဘယ်သူမှ မသွားကြသလို စစ်ပွဲကြောင့် စိုးရိမ်မှုတွေ မရှိဘူးလို့လည်း ဆိုတယ်။ ရဲကင်းစခန်းတွေ အတိုက်ခံရတာနဲ့ ပတ်သက်လို့ “နံနက်၆နာရီလောက်မှာ ဖြစ်ပြီးတော့ လူတွေက ဖြစ်တာနဲ့ အကုန်လုံး စာသင်ကျောင်းမှာ သွားစုနေတယ်။ ဘယ်အချိန်မှာ ရပ်တန့်လဲဆိုတော့ ၁၁ နာရီလောက်မှာ ရပ်တန့်တယ်” လို့ ကထီးလှရွာသား ကိုမောင်ထွန်းသာက ပြောပါတယ်။
[caption id="attachment_309025" align="alignright" width="430"] ဓာတ်ပုံ - MOI[/caption]
ကျနော်တို့အဖွဲ့ ကထီးလှစခန်းက ထွက်ခွာမှ ဒုဝန်ကြီးဦးဆောင်တဲ့အဖွဲ့ လာလို့ရမှာ ဖြစ်တာကြောင့် အဲဒီရွာကနေ ချက်ချင်း ပြန်လည်ထွက်ခွာခဲ့ရပါတယ်။ အဲဒီကနေ ဂုပ္ပိရဲကင်းစခန်းကို ရဟတ်ယာဉ်နဲ့ သွားရောက်ချိန်မှာ ဒုဝန်ကြီးနဲ့ ရဲချုပ်လိုက်ပါလာတဲ့ ရဟတ်ယာဉ်က ကထီးလှစခန်းကို ပြန်လည်ထွက်ခွာခဲ့ပါတယ်။ ကျနော်တို့ ဂုပ္ပိရဲကင်းစခန်း တောင်ပေါ်တက်တော့ ဒီစခန်းကလည်း ရဲတပ်သား ၃ ဦးပဲ ဒဏ်ရာရရှိခဲ့ပြီး စခန်းကျရှုံးမှု မရှိခဲ့သလို ရဲတပ်ဖွဲ့ဝင်တဦးမှ ကျဆုံးခြင်းမရှိတာ တွေ့ရတယ်။ စခန်းရဲ့ အမိုးတွေမှာတော့ လက်နက်ကြီးထိမှန်လို့ ပေါက်နေတာတွေ၊ သံဆန်ခါတွေ ပေါက်ပြဲနေတာနဲ့ စခန်းအကာ သစ်သားတွေမှာ သေနတ်ထိမှန်ထားတဲ့ အရာတွေကို မြင်ခဲ့ရတယ်။
အဲဒီစခန်းမှာ တာဝန်ယူ တိုက်ခိုက်ခဲ့တာကတော့ ဒုရဲအုပ်အောင်ကျော်မင်းဖြစ်ပြီး သူဟာ ဒီစခန်းကိုရောက်တာ ၃ လလောက်တောင် မရှိသေးသလို အခုလိုတိုက်ပွဲမျိုးကို အရင်က မကြုံခဲ့ဘူးလို့လည်း ဆိုပါတယ်။ သတင်းထောက်တွေကို သူပြောနေတဲ့အချိန်မှာ သူ စိတ်တွေလှုပ်ရှားနေပုံလည်း ရပြီး စကားကို တလုံးချင်း ပြောနေသလို သူ့အသံတွေကလည်း အနည်းငယ် တုန်နေတာကို ကြားနေရတယ်။ သူကတော့ အဲဒီကျေးရွာမှာ အာဆာ အကြမ်းဖက်သမားတွေ မဝင်ဖို့ ကျေးရွာလုံခြုံမှုရှိဖို့ လာနေတဲ့အပေါ် အေအေအဖွဲ့က လာပြီးတိုက်တာလို့ စွပ်စွဲထားတယ်။
"မလုပ်သင့်ဘူးပေါ့ဗျာ။ ကျနော်တို့ ဒီမှာ ကာကွယ်နေတဲ့အချိန်မှာ ဒါမျိုး ကိုယ့်တိုင်းရင်းသားအချင်းချင်း မလုပ်သင့်ဘူးပေါ့” လို့ ပြောတယ်။
အဲဒီကနေ ဘူးသီးတောင်မြို့နယ်က ရဲစခန်းတခုကို ခရီးဆက်ခဲ့ပြီး အဲဒီမှာ သေဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေ၊ ကျနော်တို့ နောက်မှကြားရတဲ့ သတင်းတွေအရ တိုက်ပွဲမှာ အဖမ်းခံရတဲ့ ရဲတပ်သားတွေလည်း ပါတယ်လို့ သိခဲ့ရတယ်။ အဲဒီအခမ်းအနားမှာ စိတ်ဓာတ်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို နိုင်ငံတော်အတိုင်ပင်ခံရုံး ဒုဝန်ကြီးနဲ့ ရဲချုပ်တို့က စိတ်ဓာတ်အင်အားပေးတဲ့အနေနဲ့ အားပေးစကားပြောခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ ထိုင်နေပြီး အသက် (၃၀) ဝန်းကျင် အမျိုးသမီးတယောက်ကို ထူးထူးခြားခြား မြင်ခဲ့ရတယ်။ အဲဒီအမျိုးသမီးဟာ အားလုံးထဲမှာ ယူကြုံးမရတဲ့ပုံစံနဲ့ ငိုနေတာကြောင့် ကျနော်တို့ သတင်းသမားတွေလည်း ကျဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင် မိသားစုမှန်း ခန့်မှန်းမိကြတယ်။ ဒါ့ကြောင့် သူ့ကို ပွဲမစခင် သတင်းမှတ်တမ်း အရင်ရိုက်ကူးခဲ့ကြတယ်။ အခမ်းအနားမှာ ဒုဝန်ကြီး ဦးခင်မောင်တင်က ကျဆုံးသွားတဲ့ ရဲတပ်သားတွေရဲ့ မိသားစုတွေကို နှစ်သိမ့်စကား ပြောဆိုခဲ့သလို နိုင်ငံကိုကာကွယ်လိုတဲ့ အခုလိုစိတ်ဓာတ်တွေကို ဆက်လက်ထိန်းသိမ်းပေးဖို့လည်း တိုက်တွန်းခဲ့တာ မြင်ခဲ့ရတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးကတော့ အေအေရဲ့ တိုက်ခိုက်မှုအပေါ် ရဲတပ်ဖွဲ့နဲ့ တပ်မတော်အင်အား ပေါင်းပြီး ထိရောက်တဲ့ ချေမှုန်းရေး ဆောင်ရွက်နိုင်ခဲ့ပေမယ့် တဖက်နဲ့တဖက် အပြန်အလှန် ပစ်ခတ်ရတာရှိလို့ အသက်ပေးရတာ ဒဏ်ရာရတာ ရှိခဲ့တယ်လို့ ပြောပါတယ်။ အဲဒီနေရာမှာပဲ ရှေ့ဆက် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တာတွေကို အဆင့်ဆင့်သော ကွပ်ကဲသူတွေကို ညွှန်ကြားသွားမယ်လို့ ပြောဆိုခဲ့သလို တိုက်ပွဲရဲ့ အရိပ်အယောင်တွေကို ရဲချုပ်က ပြောဆိုခဲ့တာ တွေ့ခဲ့ရတယ်။
ကျဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေကို ဒုဝန်ကြီးက ဘာများ အကူအညီပေးရမလဲလို့ မေးတဲ့အခါ မိသားစုဝင်တချို့က တခြားအဆောင်အယောင်တွေ တောင်းတာ မတွေ့ရဘဲ ကျဆုံးသွားတဲ့ ရဲတပ်သားတွေရဲ့ အရိုးပြာကို ပြန်လိုချင်ပါတယ်လို့ ပြောခဲ့ကြတယ်။ အဲဒီလို အရှေ့ကသူတွေပြောလို့ မပြီးသေးခင် အနောက်က အသက် (၃၀) အရွယ် အမျိုးသမီးကလည်း အနောက်ကနေ သူ့မောင်လေးရဲ့ အရိုးပြာကို ပြန်လိုချင်ပါတယ်လို့ ထပြောတယ်။ ဒါနဲ့ ဒုဝန်ကြီးက ရဲချုပ်အပါအဝင် ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေကို သူတို့ဆန္ဒအတိုင်း ဖြစ်အောင်လုပ်ပေးလိုက်ကြပါလို့ ပြန်ပြောလိုက်တယ်။ အဲဒီအချိန်မှာ ရဲချုပ်ကလည်း ကျန်ရစ်သူမိသားစု စိတ်ကျေနပ်အောင် အရိုးပြာကို သယ်ယူလို့ရအောင် လုပ်ပေးပါ့မယ်ဆိုပြီး ကတိပေးတာလည်း မြင်ခဲ့ရတယ်။ ရဲချုပ်ကိုယ်တိုင်ကလည်း သူ့ဖခင်ဟာ အခုလို တိုက်ပွဲမှာ ကျဆုံးသွားတာကြောင့် မိသားစုတွေနဲ့ထပ်တူ သူလည်း ကိုယ်ချင်းစာပါတယ်လို့ ပြောဆိုခဲ့တယ်။ ပထမကတော့ မိသားစုဝင်တွေကိုယ်တိုင် သင်္ဂြိုဟ်ခွင့်ရအောင် စီစဉ်ပေးဖို့ ကျဆုံးသွားတဲ့ ရဲတပ်သားတွေကို သယ်ယူဖို့ စီစဉ်ခဲ့ပေမယ့် နယ်မြေမငြိမ်းချမ်းတာကြောင့် အဲဒီနေရာတွေမှာပဲ ရဲအခမ်းအနားနဲ့ သင်္ဂြိုဟ်ဖို့ အမိန့်ပေးခဲ့ရတာပါတဲ့။
ဝန်ကြီးနဲ့အဖွဲ့ မိသားစုဝင်တွေနဲ့တွေ့အပြီး ကျနော်တို့သတင်းသမားတွေက ကျဆုံး ရဲတပ်ဖွဲ့မိသားစုဝင်တွေနဲ့ အင်တာဗျူးလုပ်ချင်ပါတယ်လို့ ပြန်ကြားရေး အမြဲတမ်းအတွင်းဝန်ကို အကူအညီတောင်းတဲ့အခါ မိသားစုတွေဖြေနိုင်ရင် ဖြေပေးကြပါလို့ အမြဲတမ်းအတွင်းဝန်က မေတ္တာရပ်ခံခဲ့တာနဲ့ မိသားစုတွေဆီ သတင်းသမားတွ အင်တာဗျူးမေးကြတယ်။ ကျနော်တို့အဖွဲ့ကတော့ ပထမထဲက ငိုနေတဲ့ အမျိုးသမီးဆီ သွားပြီးမေးလိုက်တယ်။ ဒီအမျိုးသမီးနာမည်ကတော့ မအေးမိစံဖြစ်ပြီး တိုက်ပွဲမှာကျသွားတဲ့ ရဲတပ်သား ကိုလတ်ရဲ့အစ်မလို့ သူက စပြောတယ်။
မအေးမိစံဟာ ကယားပြည်နယ်ကနေ လာခဲ့တာဖြစ်ပြီး မူဆယ်မှာနေတုန်းက သူ့မောင်အရမ်းဆိုးလို့ဆိုပြီး ကောင်းကောင်းမွန်မွန် ဖြစ်သွားအောင် ရဲသင်တန်းကို သွင်းပေးလိုက်တာလို့ ပြောတယ်။ မအေးမိစံကတော့ ရဲသင်တန်းဆင်းပြီးရင် သူ့မောင်ကို မူဆယ်ပဲ ပြန်ချပေးမယ်ထင်တာတဲ့။ ဒါပေမယ့် ရခိုင်ကို ချလိုက်တဲ့အတွက် သူအရမ်းခံစားခဲ့ရသေးတယ်လို့ ဆိုတယ်။ ရဲတပ်သား ကိုလတ်က ဒီနှစ် ဆယ်တန်းပြန်ဖြေမယ်လို့ ပြောထားသလို ဖောင်တွေတင်ထားပေးဆိုပြီး သူ့အစ်မကို ပြောထားတယ်တဲ့။ ဒီတလပြီးရင် သူ အိမ်ကိုပြန်လို့ရတော့မှာ ဖြစ်တယ်လို့လည်း ပြောထားတာကြောင့် သူ့အစ်မက ဆယ်တန်းဖြေဖို့ ဖောင်တင်ထားပေးခဲ့သေးတယ်လို့လည်း ပြောတယ်။
ရဲတပ်သား ကိုလတ်ဟာ ငမြင်းဘော်ရဲကင်းစခန်းမှာ ကျဆုံးခဲ့ပြီး သူ့အသက်က (၂၁) နှစ်ပဲ ရှိသေးတာကြောင့် သူ့အစ်မဖြစ်သူကတော့ သူကိုယ်တိုင် ရဲသင်တန်းထည့်ပေးလိုက်တဲ့အပေါ် အခုလို တိုက်ပွဲကျသွားတာကြောင့် ယူကြုံးမရ ဖြစ်နေပုံလည်း ရတယ်။ ရဲတပ်သား ကိုလတ် မသေခင် သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးထားတဲ့စာဆိုပြီး သူ့မိသားစုဝင်တဦးက သတင်းသမားတွေကို သူ့ဓာတ်ပုံနဲ့အတူ သူတင်ထားတဲ့ စာသားလေးကို ပြခဲ့တယ်။ သူ့မိသားစုဝင်တွေပြတဲ့ စာထဲမှာတော့ “ခင်ဗျားတို့အရှေ့က မားမားမတ်မတ် ရပ်တည်နေကာမှ နောက်ကျောက ထိုးမယ်ဆိုရင်တော့ ကျောရော ရင်ရော အောင့်တယ်ဗျာ” ဆိုတဲ့ စာသားလေးပါ။ ဒီစာသားဟာ ရခိုင်ပြည်နယ်မှာပြောတဲ့ မိန့်ခွန်းတွေနဲ့ အင်တာဗျူးတွေမှာ မြန်မာနိုင်ငံရဲချုပ်ကအစ ထည့်ပြောလာတာ သတိထားမိလိုက်တယ်။
"အဓိကကတော့ ကျမတို့က အရိုးပြာပဲ ပြန်လိုချင်ပါတယ်။ ကိုယ်တိုင်သွားပြီးတော့ ပြန်ဖော်ပြီးတော့ ကိုယ့်ဟာကိုယ် မီးသင်္ဂြိုဟ်ဆိုလည်း ကျမတို့က ကိုယ့်ဟာကိုယ် မီးသင်္ဂြိုဟ်ပြီးတော့ ယူပြန်ပါ့မယ်။ ကယားကို သူအရမ်းပြန်ချင်တယ်။ ဘာပဲဖြစ်ဖြစ် သူ့ကို ပြန်ခေါ်ပေးပါလို့ ကျမကို အဲဒီညက ဖုန်းဆက်တယ်။ အဲဒီမနက်ပဲ သူဖြစ်သွားတယ်” လို့ မအေးမိစံက ငိုလျက် ပြောဆိုခဲ့တယ်။ မအေးမိစံဘေးမှာ ကပ်ထိုင်နေတဲ့ အသက် (၄၀) ဝန်းကျင် အမျိုးသားတယောက်ကတော့ မအေးမိစံငိုနေတာကို ကလေးတယောက်ကို ချော့သလိုမျိုး စုတ်သတ်ပြီး အငိုတိတ်အောင် ချော့နေတာလည်း မြင်ခဲ့ရတယ်။ ဒါတွေဟာ တကယ်တော့ စစ်ပွဲတခုရဲ့ အနိဋ္ဌာရုံတွေပါပဲ။ သူတို့တွေလည်း ဒီစစ်ပွဲရဲ့ သားကောင်တွေအဖြစ် ငိုနေရသလို တခြားမိသားစုတွေလည်း ဒီစစ်ပွဲကြောင့် ငိုကြွေးနေတာ မြင်ခဲ့ရတယ်။
ရဲကင်းစခန်း ၄ခု အတိုက်ခံရတာနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ (ANP) အတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကို သွားရောက်တွေ့ဆုံ မေးမြန်းတဲ့အခါမှာတော့ အခုလို ပစ်ခတ်မှုတွေကြောင့် ဘယ်ဘက်ကပဲ ကျဆုံးကျဆုံး ကိုယ့်တိုင်းရင်းသားတွေ ဖြစ်တဲ့အတွက် အလွန်ဝမ်းနည်းတယ်လို့ ပြောဆိုခဲ့တယ်။
"ကျနော်တို့ ဒီ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အခု အနှစ် (၇၁) နှစ်ရှိပြီ လွတ်လပ်ရေးရတာ။ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခတွေ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ပဋိပက္ခတွေ ဒီကိစ္စကို ဘယ်လိုကြောင့်လဲ ဒီအကြောင်းရင်းကိုတော့ ရှာပြီးတော့ ဖြေရှင်းဖို့လိုတယ်လို့ ကျနော်တို့မြင်တယ်” လို့ ဦးထွန်းအောင်ကျော်က ပြောခဲ့တယ်။ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရတဲ့ အကြောင်းအရင်းကို မရှာဘဲ ဆန်စင်ရာ ကျည်ပွေ့လိုက်သလို ဖြေရှင်းနေရင်တော့ ထိရောက်တဲ့ ဖြေရှင်းချက် မရနိုင်သလို အဖြေလည်း ရလာမှာ မဟုတ်ဘူးလို့ သူက သုံးသပ်လိုက်တာလည်း ရှိပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော ခရီးစဉ်မှာ ရဲကင်းစခန်းတွေအနေနဲ့ တနေရာနဲ့တနေရာ အလွန်ဝေးကွာတာ တွေ့ရသလို လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ ဖွံ့ဖြိုးမှုနိမ့်ကျတာတွေနဲ့ ဆက်သွယ်ရေးဖြစ်တဲ့ ဖုန်းလိုင်းတွေ မရတာတွေ ကြုံတွေ့ခဲ့ရပါတယ်။
ရခိုင်ပြည်နယ်မှာ အခုလို စစ်ပွဲတွေ ပဋိပက္ခတွေ ဆက်လက်မဖြစ်ဖို့အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အခုထက်ပိုပြီး လုပ်ဆောင်ပေးဖို့ လိုပါတယ်။ ဒါ့အပြင် ဆက်သွယ်ရေး စနစ်တွေ ပိုမိုကောင်းမွန်လာဖို့၊ အချိန်နဲ့တပြေးညီ သွားလာနိုင်တဲ့ လမ်းပန်းဆက်သွယ်ရေး စနစ်တွေကို ရေရှည်အကျိုးအတွက် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သင့်သလို ရခိုင်ပြည်နယ်မှာ ဒေသဖွံ့ဖြိုးရေးတွေကို အခုထက်ပို ဆောင်ရွက်ပေးသင့်ကြောင်း သုံးသပ်လိုက်ပါတယ်။