ဖယ်ခုံအင်းအတွင်း ငါးဖမ်းခွင့်ပိတ်ရက်များ သတ်မှတ်
DVB
·
January 12, 2019
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှာရှိတဲ့ ဖယ်ခုံအင်းအတွင်း ငါးဖမ်းခွင့် ပိတ်ရက်တွေကို ဖယ်ခုံအင်းထိန်းသိမ်းရေး ကော်မတီက ဒေသန္တရစည်းကမ်းထုတ်ပြီး သတ်မှတ်လိုက်ပါတယ်။
ဒီငါးဖမ်းခွင့် ပိတ်ရက်တွေကို ၂၀၁၉ ခုနှစ်အတွင်း လပြည့်၊ လကွယ်နေ့တွေမှာ ပိတ်ရက်အဖြစ် ၅၂ ရက် သတ်မှတ်ထားပါတယ်။
ခုလိုပြုလုပ်တာဟာ ငါးသယံဇာတ ပွားများရေးနဲ့ ရေလုပ်သားတွေအတွက် ငါးများဖူလုံစွာ ရှာဖွေနိုင်ရေးအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
အင်းအတွင်း အဆိုပါ ပိတ်ရက်တွေမှာ ငါးဖမ်းပိုက်ချတာတွေ၊ ငါးမျှားတာတွေနဲ့ အခြားဘယ်ငါးဖမ်းနည်းနဲ့မဆို ငါးဖမ်းခွင့်ပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဖယ်ခုံအင်းထိန်းသိမ်းရေးအဖွဲ့က အဲဒီတားမြစ်ထားတဲ့ ရက်တွေမှာ လုံခြုံရေး ကင်းလှည့်မှာဖြစ်ပြီး စည်းကမ်းလိုက်နာမှုမရှိတဲ့သူတွေကို ရှမ်းပြည်နယ် ရေချိုငါးလုပ်ငန်း ဥပဒေပုဒ်မ ၃၆ အရ (သို့) အင်းထိန်းသိမ်းရေးကော်မတီရဲ့ စည်းကမ်းအရ ထိရောက်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားတာပါ။
ဖယ်ခုံအင်းထိန်းသိမ်းရေးကော်မတီကို ၂၀၁၆ ခုနှစ် သြဂုတ်လမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အင်အတွင်း ငါးထိန်းသိမ်းရေး၊ အင်းသန့်ရှင်းရေးနဲ့ ငါးသယံဇာတ တိုးပွားရေး စတဲ့ လုပ်ငန်းတွေကို စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။