မြန်မာ့လူဦးရေ ယနေ့နံနက် ၅၄ သန်းပြည့်ပြီ
DVB
·
January 6, 2019
မြန်မာနိုင်ငံလူဦးရေဟာ ဒီနေ့မနက်ပိုင်းမှာ ၅၄ သန်းပြည့်တယ်လို့ ပြည်သူ့အင်အားဦးစီးဌာနက တွက်ချက် ဖော်ပြပါတယ်။
အလိုအလျောက်တွက်ချက်တဲ့စနစ်အရ ဒီနေ့ မနက် ၁၀ နာရီကျော်မှာ ပြည့်တာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် မတ်လမှာ ကောက်ယူထားတဲ့ သန်းခေါင်စာရင်း လူဦးရေ ၅၁ ဒသမ ၄ သန်း ကျော်ကို အခြေခံပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့အတွက် ခန့်မှန်း တွက်ချက်ခဲ့တာကတော့ ၅၃ ဒသမ ၃၉ သန်းဖြစ်ပြီး သုံးနှစ်ခွဲ ကာလအတွင်း လူဦးရေ သိန်း ၂၀ နီးပါး (၁ ဒသမ ၉ သန်း) တိုးလာတယ်လို့ ခန့်မှန်းတွက်ချက်ထားတာပါ။
၁၉၇၃ ခုနှစ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၂၈,၉၁၉,၆၅၀ ရှိခဲ့ပြီး ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၃၅ သန်း ၃ သိန်းကျော်ရှိခဲ့တာပါ။
၂၀၅၀ ပြည့်နှစ်မှာတော့ မြန်မာနိုင်ငံရဲ့ လူဦးရေ ၆၅ သန်းလောက် ဖြစ်လာမယ်လို့ ပြည်သူ့အင်အား ဦးစီးဌာနက ပြီးခဲ့တဲ့ မတ်လမှာ ခန့်မှန်းထုတ်ပြန်ထားပါတယ်။ ရန်ကုန်တိုင်းမှာတော့ ၂၀၃၁ ခုနှစ်မှာ လူဦးရေ ၁၀ ဒသမ ၅ သန်းခန့် ရှိလာမယ်လို့လည်း အဲဒီ သုတေသန စာတမ်းမှာ ဖော်ပြထားပါတယ်။
နိုင်ငံတော်အစိုးရနဲ့ ဌာနဆိုင်ရာတွေအနေနဲ့ မူဝါဒနဲ့ စီမံကိန်းတွေ ချမှတ်တဲ့အခါ ဒီလူဦးရေ စာရင်းကို အခြေခံရတာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း မကောက်ယူခင်ကတော့ မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၆၀ ရှိတယ်လို့ အစိုးရက ခန့်မှန်းဖော်ပြသုံးစွဲခဲ့ပါတယ်။