လွတ်လပ်ရေးနေ့အထိမ်းအမှတ် ၅ ရက်ကြာကျင်းပသည့် သဲတောမြို့ နွားပြိုင်ပွဲ
DVB
·
January 6, 2019
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် သဲတောမြို့ လွတ်လပ်ရေးပွဲတော်မှာ မြန်မာ့ရိုးရာ နွားပြိုင်ပွဲကို ဇန်နဝါရီ ၃ ရက်ကနေ ၇ ရက်နေ့ အထိ ၅ ရက်ကြာ ကျင်းပနေပါတယ်။
ရတနာ တပါးဖြစ်တဲ့ နွားဟာ လယ်ယာမြေလုပ်ငန်းခွင်မှာ အသုံးပြုပြီး လုပ်ငန်းသိမ်းပြီးတဲ့အချိန်မှာ မြန်မာ့ရိုးရာနွားပြိုင်ပွဲ ကျင်းပပေးရတာဟာ နောက်လာနောက်သားတွေ နွားကိုတန်ဖိုးထားတတ်အောင်၊ ရိုးရာမမေ့အောင် ကျင်းပပေးနေတာလို့ နွားပြိုင်ပွဲနာယကကြီး ဦးအောင်သန်းက ဒီဗွီဘီကို ပြောပါတယ်။
နွားကြီးလှည်းခြေအသားကျ။ နွားလတ်လှည်းခြေ အသားကျ။ နွားငယ်ခြေအသားကျ (လှည်းမပါ) ဆိုပြီး ပြိုင်ပွဲ ၃မျိုး ရှိပါတယ်။ ပထမဆု ၂ သိန်း၊ ဒုတိယဆု ၁ သိန်းခွဲ၊ တတိယဆု ၁ သိန်း၊ စတုတ္ထဆု ၅ သောင်းတို့ ဖြစ်ပါတယ်။
နွားကြီး၊ နွားလတ် ဝင်ကြေး ၇ ထောင် နဲ့ နွားငယ်ဝင်ကြေး ၅ ထောင် ပေးရပါတယ်။ ပြိုင်ပွဲဝင် ၅၇ ယောက် ရှိပြီး နေ့စဉ်ဆုပေးနေပြီး ဆုရသူတွေအားလုံးကို ၅ ရက်မြောက်နေ့မှာ ထပ်မံယှဉ်ပြိုင်စေကာ ဆုချီးမြှင့်ပေးဦးမှာ ဖြစ်ပါတယ်။
သဲတောမြို့ဟာ မြန်မာနိုင်ငံတဝှမ်းလုံး လွတ်လပ်ရေးပွဲတော်ကို ရက်ကြာကြာ ကျင်းပတဲ့ မြို့တွေထဲက တမြို့ဖြစ်ပြီး အခုလို ကျင်းပလာတာ နှစ်ပေါင်း ၅၀ ကျော် ရှိသွားပြီဖြစ်ပါတယ်။