သြစတြေးလျတွင် လူ ၁ ဦးအား ဓားဖြင့်ထိုးသတ်သူ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်
DVB
·
January 5, 2019
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဇန်န၀ါရီ ၄ ရက်နေ့မှာ လူတဦးက လမ်းသွားလမ်းလာ တဦးကို ဓားနဲ့ ထိုးခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပါတယ်။
နံပါတ် တပ်မထားတဲ့ ကားတစီးကို ရဲက လမ်းဘေးချရပ်ခိုင်းရာမှ အဆိုပါ ကားဟာ ရဲကားကို တိုက်ပြီး ထွက်ပြေးခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
အဲဒီနောက် ဒရိုင်ဘာဟာ ကားကို ပစ်ထားခဲ့ပြီး စူပါမားကတ် ထရပ်ကားတစီးကို ပြန်ပေးဆွဲခဲ့ပါတယ်။ ဒီနောက်မှာတော့ မြို့တွင်း နောက်ထပ် ကီလိုမီတာ ၂၀ လောက် မောင်းနှင်ပြီး လမ်းတလျှောက် ကားအများအပြားကို ၀င်တိုက်ခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ် ဒရိုင်ဘာဟာ နောက်ကားတစီးကို ခိုးယူဖို့ ကြိုးပမ်းပြီး တားဆီးတဲ့ လမ်းသွားလမ်းလာ တဦးကို ဓားနဲ့ ထိုးခဲ့တာပါ။
နောက်ဆုံးမှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ တက္ကဆီအတွင်းက တိုက်ခိုက်သူကို တားဆီးနိုင်ပြီး သူ့ကို လက်နက်ချအောင် ဖျောင်းဖျခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ရဲတွေရဲ့ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ဓားနဲ့ထိုးပြီး အဆုံးစီရင်ခဲ့ပါတယ်။
နယူးဆောက်ဝေးပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲက အဆိုပါ တိုက်ခိုက်သူ ဘယ်သူဘယ်ဝါ ဖြစ်တယ်လို့ မပြောကြားပေမယ့် သူဟာ ရဲတပ်ဖွဲ့က သိနေသူတဦးဖြစ်ပြီး အရင်က စိတ်ကျန်းမာရေး ပြဿနာ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။