သာယာဝတီခရိုင်တွင် ရွာထဲဝင်လာသည့်ဝက်ဝံကြောင့် ၁ ဦးဒဏ်ရာရ၊ အသေဖမ်းဆီး
DVB
·
January 4, 2019
သာယာဝတီခရိုင်၊ ဇကျေးရွာထဲ လမ်းပျောက်ရောက်လာတဲ့ ဝက်ဝံတကောင်ကို အသေဖမ်းဆီးရမိပြီး လူတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်မှာ ဇန်နဝါရီလ ၄ ရက်နေ့ မနက်အစောပိုင်းက ဖားရွှေကျော်ကျေးရွာအုပ်စု ဇကျေးရွာထဲ ပဲခူးရိုးမတောအတွင်းက ဝက်ဝံအမတကောင် မျက်စိလည်ရောက်လာလို့ ရွာသားတွေက ၀ိုင်းဝန်းမောင်းထုတ်ရာကနေ အမျိုးသားတဦး ဒဏ်ရာရပြီး ဝက်ဝံကို အသေဖမ်းဆီးရခဲ့တယ်လို့ ကျေးရွာသားတဦးက ပြောပါတယ်။
"မနက်စောစော ရွာလယ်လမ်းမပေါ် ရောက်လာတဲ့ ဝက်ဝံကိုမြင်တဲ့ ဦးထွန်းထွန်းနဲ့ ဦးဝင်းသိန်းက အော်ပြီး အကူအညီတောင်းလို့ ရွာသားတွေထွက်ကြည့်တော့ ဘာကောင်မှန်းမသိဘူး။ သူကထွက်ပြေးတော့ အရှေ့လမ်းမှာပိတ်နေတဲ့ ဦးထွန်းထွန်းကို ဝင်တိုက်ပြီး လက်သည်းနဲ့ကုတ်ခြစ်သွားလို့ ထိခိုက်ဒဏ်ရာရသွားတယ်။ ရွာသားတွေ ဝိုင်းရိုက်လို့ ဝက်ဝံလည်း သေသွားတယ်။”
အမြင့် ၄ ပေ၊ လုံးပတ် ၂ ပေ ၈ လက်မ၊ လက်တံ ၂ ပေ ၆ လက်မရှိ အနက်ရောင်ဝက်ဝံအမဖြစ်ပြီး သာယာဝတီသစ်တော ဦးစီးဌာနတာဝန်ရှိသူတွေနဲ့ ကျေးရွာ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပါတယ်။
ဝက်ဝံတိုက်ခိုက်ခံရသူ ဦးထွန်းထွန်းက ဦးခေါင်းပေါတ်ပြဲဒဏ်ရာတွေကြောင့် သာယာဝတီဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့တယ်လို့ သိရပါတယ်။
သတင်း - မေသွယ်