ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ယာဉ်တန်း အဝေးထိန်းမိုင်း ၃ လုံးဖြင့် တိုက်ခိုက်ခံရ
DVB
·
January 2, 2019
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု စီးနင်းလိုက်ပါလာတဲ့ယာဉ်တန်း ဇန်နဝါရီ ၁ ရက် ညနေ ၄ နာရီခွဲလောက်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ အရာရှိတဦးက ပြောပါတယ်။
ဝန်ကြီးချုပ် ဦးညီပုနဲ့အဖွဲ့ဟာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ကွင်းဆင်းဆောင်ရွက်ပြီး ကျောက်ဖြူမြို့နယ်မှ စစ်တွေမြို့သို့အပြန် ရန်ကုန်-စစ်တွေကားလမ်းမ မင်းပြားမြို့အလွန် မြောက်ဦးမြို့အဝင် နန်းကျားနဲ့ ပေါင်းတုတ်ရွာအကြား တံတားအမှတ် (၁/၁၀၆) ထိပ်မှာ မိုင်းပေါက်ကွဲခဲ့တာပါ။
ပေါက်ကွဲမှုကြောင့် ဝန်ကြီးချုပ်အပါအဝင် ယာဉ်တန်းမှာပါလာသူတွေ တဦးတယောက်မှ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ပြည်နယ်အစိုးရအဖွဲ့ အရာရှိက ပြောပါတယ်။
ဝန်ကြီးချုပ် ဘာမှမဖြစ်ဘဲ လက်ရှိ စစ်တွေမြို့ကို ပြန်လည်ရောက်ရှိနေပြီလို့ မြောက်ဦးမြို့မ ရဲစခန်းမှူးက ဒီဗွီဘီကို ပြောပါတယ်။
ဖောက်ခွဲရာမှာ အသုံးပြုခဲ့တဲ့မိုင်းဟာ ဒေသန္တရလုပ် အဝေးထိန်းမိုင်းဖြစ်ပြီး မိုင်း ၃ လုံးနဲ့ တပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်ခံရတာလို့ ဒီကနေ့ထုတ် အစိုးရပိုင်သတင်းစာမှာ ဖော်ပြပါတယ်။
မိုင်းပေါက်ကွဲမှုမှာ လူတွေ ထိခိုက်ဒဏ်ရာရရှိတာ မရှိပေမယ့် ယာဉ်တစီး ရှေ့မှန်ကွဲပြီး တစီးက ဘေးမှန်တချပ် ကွဲသွားတယ်လို့ ဆိုပါတယ်။
ဒီဖောက်ခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်သူ့လက်ချက်လဲဆိုတာ မသိရသေးသလို ဘယ်အဖွဲ့အစည်းကမှလည်း သူတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ကြေညာခြင်း မရှိသေးပါဘူး။
သတင်း - ဝဏ္ဏခွာညို