ကွမ်းသီးပင်အရွက်ဖြင့် တခါသုံးခွက်ငယ်များ ဘယ်လိုထုတ်လုပ်သလဲ (ရုပ်သံ)
DVB
·
December 30, 2018
ကွမ်းသီးပင်ကထွက်ရှိတဲ့ အရွက်တွေအသုံးပြုပြီး စားသုံးရာမှာအသုံးပြုတဲ့ တခါသုံးခွက်ငယ်တွေကို ဖန်တီးထုတ်လုပ်ရာမှာ စိတ်ဝင်စားသူတွေ မြင့်တက်နေပါတယ်။
အဲဒီခွက်ငယ်တွေကို ကွမ်းသီးပင်တွေ အများဆုံးစိုက်ပျိုးတဲ့ ဒေသတခုဖြစ်တဲ့ တနင်္သာရီတိုင်းထဲက မြိတ်မြို့မှာ ပထမဦးဆုံး စမ်းသပ်ထုတ်လုပ်နေတာလည်းဖြစ်ပါတယ်။
လက်ရှိမှာ ပန်းကန် နဲ့ ဟင်းခွက် ၂ မျိုး အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ကာ ဆက်လက်ပြီး ကော်ဖီခွက်၊ ထမင်းဘူးနဲ့ ဇွန်းခက်ရင်း တခါသုံး အမျိုးအစား စုံလင်စွာ ထုတ်လုပ်နိုင်ဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။
တခါသုံး ဖော့ပစ္စည်းတွေဟာ ပြန်လည်စွန့်ပစ်တဲ့နေရာမှာ ပျက်စီးနိုင်မှုနည်းပြီး ကျန်းမာရေးနဲ့ မသင့်လျော်တာကြောင့် တခါသုံးပစ္စည်းတွေ ထုတ်လုပ်တာနဲ့ပတ်သက်ပြီး အွန်လိုင်းကနေ ရှာဖွေပြီးတဲ့နောက် အချိန်ပေးကာ စမ်းသပ်ထုတ်လုပ်အောင်မြင်နိုင်ခဲ့တာလို့ တီထွင်ထုတ်လုပ်သူ ကိုသန်းဇော်ဦးက ပြောပါတယ်။
အခုကွမ်းသီးပင်က ထွက်ရှိတဲ့ ဘုတ်ဖတ်တွေနဲ့ ပြုလုပ်တဲ့ တခါသုံးပစ္စည်းတွေကို ကျန်းမာရေးနဲ့ညီညွတ်အောင် ပြုလုပ်ထားပြီး ပြန်လည်စွန့်ပစ်တဲ့နေရာမှာလည်း ပတ်ဝန်းကျင်ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။
လတ်တလောမှာ ဒေသတွင်း လျှပ်စစ်မီတာခ ဈေးနှုန်းကြီးမြင့်နေတာကြောင့် အကျိုးမြတ်မယူဘဲ ဈေးနှုန်းအနည်းငယ်နဲ့ဖြန့်ဖြူးနိုင်အောင်ကြိုးစားနေတယ်လို့ပြောပါတယ်။
လတ်တလောမှာ အခုပစ္စည်းတွေကို ဒေသပေါင်းစုံက အဝယ်မှာယူမှုတွေ မြင့်တက်နေပြီး နိုင်ငံခြားပို့ကုန်ဖြစ်တဲ့အထိ အရည်သွေးကောင်းမွန်အောင် ဆက်လက်လုပ်ကိုင်သွားမယ်လို့ ထုတ်လုပ်သူက ဆိုပါတယ်။
တနင်္သာရီတိုင်းဟာ ကွမ်းသီးပင်၊ ရာဘာပင်နဲ့ ဆီအုန်းပင် အဓိက စိုက်ပျိုးတဲ့ ဒေသတခုဖြစ်ပြီး အရင်က ကွမ်းသီးပင်က ထွက်ရှိတဲ့ ဘုတ်ဖတ်တွေကို အသုံးပြုမှုမရှိဘဲ စွန့်ပစ်ကြတယ်လို့ သိရပါတယ်။