Homeမြန်မာသတင်း
ကျင်စန်းကျော့ဂိတ်ပိတ်လိုက်၍ ဖရဲ၊ သခွား တနေ့ တန်ချိန် ၃၀၀၀ ခန့်၊ ကျပ်သိန်း ၉၀၀၀ ဖိုးခန့် ဆုံးရှုံးနေ
ကျင်စန်းကျော့ဂိတ်ပိတ်လိုက်၍ ဖရဲ၊ သခွား တနေ့ တန်ချိန် ၃၀၀၀ ခန့်၊ ကျပ်သိန်း ၉၀၀၀ ဖိုးခန့် ဆုံးရှုံးနေ
DVB
·
December 29, 2018
တရုတ်-မြန်မာနယ်စပ် မူဆယ်ရှိ တရုတ်နိုင်ငံထဲကို ဖရဲ၊ သခွား အဓိက ပို့ဆောင်နေတဲ့ ကျင်းစန်းကျော့ဂိတ်ကို ပိတ်လိုက်တာကြောင့် တနေ့ကို ဖရဲ၊ သခွား တန်ချိန် ၃၀၀၀၊ မြန်မာကျပ်ငွေသိန်းပေါင်း ၉၀၀၀ လောက် ပယ်သီးအဖြစ် ဆုံးရှုံးနေတယ်လို့ သစ်သီးကုန်သည်တွေက ပြောပါတယ်။
တင်ပို့မယ့် ဖရဲ၊ သခွားတွေဟာ အရည်အသွေးကျဆင်းသွားတဲ့အတွက် ကုန်သည်တွေနဲ့ တောင်သူတွေ အကြီးအကျယ် နစ်နာနေတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံထဲကို ဖရဲ၊ သခွားအပါအ၀င် ရေထွက်ပစ္စည်းတွေ အဓိက တင်သွင်းနေတာဖြစ်ပြီး ကျင်စန်းကျော့ဂိတ်ကို လုံခြုံရေးအတွက် မြန်မာဘက်ကနေ ဒီဇင်ဘာလ ၂၆ ရက် ညကတည်းက စတင်ပိတ်လိုက်တာလည်း ဖြစ်ပါတယ်။
ကျင်စန်းကျော့ဂိတ်ကတဆင့် တင်ပို့တဲ့ ဖရဲ၊ သခွားကုန်တင်ကား တရက်ကို အစီးရေ ၄၀၀ ကျော်လောက်ရှိပြီး ကျင်စန်းကျော့ဂိတ်ပိတ်လိုက်တဲ့အတွက် တခြားလမ်းဖြစ်တဲ့ ကျူကုတ်-ပန်ဆိုင်း ဂိတ်ကနေ တင်ပို့နေရပါတယ်။
ကျူကုတ်- ပန်ဆိုင်းဂိတ်ဟာ နေ့စဉ် ကုန်စည်တင်ကား ရာချီ သွားရောက်ပါက လမ်းပိတ်ဆို့မှုဖြစ်နိုင်ပြီး ဖရဲ၊ သခွားမွှေး ကုန်တင်ကားတစီးကို အနည်းဆုံး ၃ တန်လောက် နေ့စဉ် ပယ်သီးအဖြစ် အပယ်ခံနေရတယ်လို့ မူဆယ်သစ်သီးဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဘိုက ပြောပါတယ်။
ဂိတ်ပိတ်တာ ၃ ရက်လောက်ရှိပြီ ဖြစ်တဲ့အတွက် ကားသမားတွေရော၊ ကုန်သည်တွေပါ နစ်နာမှုတွေရှိတယ်လို့ ယာဉ်မောင်း ဦးဆန်းမောင်က ပြောပါတယ်။
ကျင်စန်းကျော့ပိတ်လိုက်တဲ့အပေါ် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေ အမြန်ဆုံး ဖြေရှင်းပေးဖို့ မူဆယ်သစ်သီးကုန်သည်တွေက လိုလားနေကြပါတယ်။
သတင်းဓာတ်ပုံ - ကိုဇျာန်