ကရင်နီလူငယ် ၉ ဦး မြို့နယ်တခုတည်းတွင် စုပေါင်းတရားရင်ဆိုင်ခွင့်ရရှိ
DVB
·
December 28, 2018
ပုဒ်မ ၅၀၅ (ခ) နဲ့ မြို့နယ် ၅ မြို့နယ်မှာ တရားရင်ဆိုင်နေရတဲ့ ကရင်နီလူငယ် ၉ ဦးကို မြို့နယ်တမြို့နယ်ထဲမှာ စုပေါင်းတရားရင်ဆိုင်ဖို့ ကယားပြည်နယ် တရားလွှတ်တော်ရုံး တရားသူကြီးက ဒီကနေ့ အမိန့်ချလိုက်ပါတယ်။
ခုလို မြို့နယ်တခုထဲမှာ တရားရင်ဆိုင်ခွင့်ရဖို့ တရားရင်ဆိုင်နေရတဲ့ ကရင်နီလူငယ်တွေကပဲ ပြည်နယ်တရားလွှတ်တော်ရုံးကို စာတင်ခဲ့တာပါ။
တရားရင်ဆိုင်နေရတဲ့ ကိုဒီးဒီ (ခ) စစ်မုန်းက "၅ မြို့နယ်မှာ တရားစွဲခံရတော့ သွားလာရ ခက်ခဲတာတွေရှိတယ်၊ ကုန်ကျစရိတ်ရှိတယ်၊ အဲ့ဒါကြောင့် ကျနော်တို့က စုပေါင်းရုံးကို ပြည်နယ် တရားလွှတ်တော်မှာ လျှောက်လိုက်တယ်ပေါ့နော်" လို့ ပြောပါတယ်။
လွိုင်ကော်၊ ဖရူဆို၊ ဖားဆောင်း၊ ဘောလခဲနဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာ တရားရင်ဆိုင်နေရတဲ့ ကရင်နီလူငယ်တွေဟာ ဒီးမောဆိုမြို့နယ်တခုထဲမှာ စုပေါင်းတရားရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။
တရားစွဲဆိုခံရတဲ့အထဲမှာ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပျက်ပြားစေမှု၊ တိုင်းရင်းသား လူမျိုးစု တစုနဲ့တစု အချင်းချင်းသွေးကွဲစေမှု၊ ပြစ်မှုကျူးလွန်ချင်လာအောင် လှုံ့ဆော်မှု စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုထားတယ်လို့ဆိုပါတယ်။
"သက်သေတွေ ထွက်ဆိုတဲ့အခါမှာလည်း ခုနကပြောတဲ့ ပြစ်မှုကျူးလွန်ချင်လာအောင်ဆိုတဲ့ ကိစ္စတွေက တကယ်အပြင်မှာ သက်သေအရ မပြနိုင်ဘူးဗျ။ ပြောရမယ်ဆိုရင် ဒါက သက်သေမခိုင်လုံဘူး။ ဒါပေမယ့် အစိုးရက စွဲခိုင်းလို့သာ တရားလိုဖြစ်တဲ့ ဝန်ထမ်းတွေက စွဲရတာပေါ့" လို့ တရားရင်ဆိုင်နေရတဲ့ ကိုဖိလစ်စိုးအောင်က ပြောပါတယ်။
ဒီလူငယ်တွေအနေနဲ့ လာမယ့် ဒီးမောဆိုမြို့နယ် စုပေါင်းတရားရုံးချိန်းကို ဇန်နဝါရီ ၅ ရက်နေ့မှာ တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့က ဂန္ဓာဟေဝန်ပန်းခြံမှာ ထားရှိမယ့် ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်လှုပ်ရှားခဲ့တာကြောင့် ကရင်နီလူငယ် ၉ ဦးဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ မြို့နယ် ၅ မြို့နယ်မှာ တရားရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ခွန်းတူးတူးလေး