အဆိုတော် ရသ အပါအဝင် ၃ ဦးကို အလုပ်နှင့်ထောင်ဒဏ် ၁၁ နှစ် ချမှတ်
DVB
·
December 28, 2018
မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံခဲရတဲ့ အဆိုတော် ရသ အပါအ၀င် ၃ ဦးကို မန္တလေးတိုင်းခရိုင်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁၁ နှစ် ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။
ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် အောင်စေတနာလမ်း ၄၉ လမ်း နဲ့ လမ်း ၅၀ လမ်းကြားရှိ နန်းထိုက်ပန် တည်းခိုခန်းမှာ သြဂုတ် ၁၄ ရက်နေ့က သတင်းအရ ရှာဖွေခဲ့ရာမှာ ရသ (ခ) ရဲမင်းသိန်း၊ မျိုးတင့်နှဲ့အတူ ခေမီ (ခ) ဗာတားမီးတို့ ၃ယောက်ကို စိတ်ကြွရူးသွပ်ဆေးပြား ၁၆၅၅ ပြားနံအတူ ဖမ်းဆီးရမိခဲ့ပါတယ်။
သူတို့ ၃ ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ တားဆီးကာ ကွယ်ရေး ဥပဒေ ပုဒ်မ ၁၉ (က) နဲ့ တရားရုံးမှာ စွဲချက်တင်ထားပြီး ဒီနေ့ အမိန့်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုတော် ရသက “ကျနော် ဘာမှ အထွေအထူး ပြောစရာမရှိပါဘူး။ တကယ်တမ်း ဟဲဗီးလုပ်နေကြတဲ့သူတွေလည်း လုပ်နေကြတာပါ။ ရောက်လာတာ မတွေ့ရဘူး။ သုံးစွဲသူတွေကို ရောင်းဝယ်ဖောက်ကားပုဒ်မတွေနဲ့ ချနေကြတာပဲလို့ ကျနော်ထင်ပါတယ်” လို့ ပြောပါတယ်။
မူးယစ်ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ၁၉ (က)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ဟာလည်း ဒီဇင်ဘာ ၁၂ ရက်နေ့မှာ အရှေ့ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၁၂ နှစ် ထပ်မံချမှတ်ခဲ့သလို နိုဝင်ဘာ ၂၆ ရက်နေ့က ပုဇွန်တောင်မြို့နယ်တရားရုံးမှာ ပုဒ်မ ၁၅၊ ပုဒ်မ၁၆ (ဂ) အရ အလုပ်နဲ့ထောင်ဒဏ် ၅ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ်ချမှတ်ခံခဲ့ရပါတယ်။