ဒုရဲမှူးဟောင်း မိုးရန်နိုင် ဇန်နဝါရီ ၂ ရက်နေ့ ပြန်လွတ်မည်ဟု ဇနီးဖြစ်သူပြော
ပြည့်ဘုန်းအောင်
·
December 26, 2018
ရိုက်တာသတင်းထောက်နှစ်ဦးကို ရဲမှူးချုပ်တင်ကိုကိုက ထောင်ချောက်ဆင် ဖမ်းဆီးခိုင်းခဲ့တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့တာကြောင့် ထောင်ဒဏ်ကျခံနေရတဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်ဟာ ဇန်နဝါရီ ၂ ရက်မှာ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်မယ်လို့ သူ့ဇနီးက ဒီဗွီဘီကို ပြောပါတယ်။
ဒီဇင်ဘာ ၂၆ ရက်က အင်းစိန်အကျဉ်းထောင်မှာ ပုံမှန်ထောင်ဝင်စာ သွားတွေ့စဉ် ဒုရဲမှူးဟောင်း မိုးရန်နိုင်က မိသားစုဝင်တွေကို ပြောကြားခဲ့တာလို့ ဇနီးဖြစ်သူ မတူးတူးက ပြောပါတယ်။
“ပုံမှန်ထောင်ဝင်စာ သွားတွေ့တာပဲ။ အခုလို သတင်းကြားရမယ်လို့တော့ မမျှော်လင့်ဘူးပေါ့။ သူ့ကို လာမယ့် ဇန်နဝါရီ ၂ ရက်နေ့မှာ ပြန်လွှတ်မယ်လို့ ထောင်ကလူတွေက ပြောတယ်လို့တော့ အမတို့ကို ပြောတာပဲ။ ဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ မိသားစုဝင်တွေကို တရားဝင် အကြောင်းကြားတာတော့ မရှိပါဘူး” လို့ မတူးတူးက ပြောပါတယ်။
ဒုရဲမှူးဟောင်း မိုးရန်နိုင်ဟာ ရိုက်တာသတင်းထောက်တွေရဲ့အမှုမှာ သက်သေအဖြစ် ထွက်ဆိုရာမှာ သတင်းထောက်တွေကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တယ်လို့ တရားရုံးမှာ ထွက်ဆိုပြီးတဲ့နောက် ရဲစည်းကမ်းဥပဒေ ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ်တနှစ် ချခံခဲ့ရပြီး မိသားစုဝင်တွေလည်း နေအိမ်လိုင်းခန်းက ဖယ်ရှားခံခဲ့ရပါတယ်။
ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို ဧပြီ ၂၇ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တနှစ် ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်မှာ ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို ပဲန်မြန်မာအဖွဲ့ကနေ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာ ကာကွယ်သူဆု ရွေးချယ်ချီးမြှင့်လိုက်ပါတယ်။