အမည်မသိ လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲ ၁ ဦး သေဆုံး
DVB
·
December 21, 2018
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး လုံခြုံရေးဆောင်ရွက်တဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို လက်နက်ကိုင်အဖွဲ့တဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်သားတဦး သေဆုံးသွားပါတယ်။
ဒီဇင်ဘာ ၁၉ ရက် နေ့လယ်က နယ်စပ်ခြံစည်းရိုး အပြင်ဘက်ကနေ လက်နက်ကိုင်အဖွဲ့တဖွဲ့ နေရာယူ ပစ်ခတ်ခဲ့တဲ့ တောင်ကုန်းရဲ့ တောင်ဘက် ကိုက် ၁၀၀ လောက်အကွာမှာ ရဲတပ်သားတဦး ပက်လက်အနေအထားနဲ့ သေဆုံးနေတာကို တွေ့ရှိကြောင်း နယ်မြေ ၂ စခန်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။
"သေဆုံးနေတဲ့ အနေအထားက ဘယ်ဘက်ပေါင်ရင်းကျိုး၊ ဘယ်လက်မောင်း၊ ရင်အုပ်မှန်ဒဏ်ရာ၊ ဘယ်မျက်လုံးအောက် နှာခေါင်းရင်း ဖောက်ဝင်ဒဏ်ရာတွေ တွေ့ရှိပါတယ်။ အလောင်းအနီးမှာ လုံးပတ် ၄ လက်မခန့်၊ အရှည်လက်မခွဲ၊ အချင်း ၁ လက်မခန့်ရှိသော မိုင်းခလုတ်တခု တွေ့ရှိပါတယ်၊ သူကိုင်ဆောင်တဲ့ သေနတ် ဘီအေ ၆၃ သေနတ်ကတော့ တွေ့ရှိခြင်းမရှိပါ၊ အလောင်းအောက်မှာ မိုင်းရှိကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။"
ဒီဇင်ဘာ ၁၇ ရက်ကလည်း မောင်တောမြို့နယ်၊ နယ်မြေ ၂၊ နယ်စပ်ခြံစည်းရိုး မှတ်တိုင် ၄၁ နဲ့ ၄၂ အကြားမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေးကင်းလှည့်နေစဉ် ခြံစည်းရိုးတဖက်ခြမ်း တဖက်နိုင်ငံဘက်ခြမ်းကနေ အမည်မသိ အဖွဲ့တဖွဲ့က ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ရဲတပ်သားတဦး ဒဏ်ရာရခဲ့ပါတယ်။