ဖျာပုံမြို့ နေအိမ်အတွင်း အမျိုးသမီးတဦး အသတ်ခံရမှု သံသယရှိသူတဦးကို ဖမ်းဆီး
DVB
·
December 14, 2018
ဖျာပုံမြို့ အမှတ် ၁၉ ရပ်ကွက်က နေအိမ်မှာ အမျိုးသမီးတဦး ခန္ဓာကိုယ်မှာ ထိုးသွင်းဒဏ်ရာတွေနဲ့ အသတ်ခံထားမှုနဲ့ ပတ်သက်ပြီး သံသယရှိသူတဦးကို ဖမ်းဆီးလိုက်ပြီလို့ ရဲက ပြောပါတယ်။
ဖြစ်စဉ်မှာ ဖျာပုံမြို့၊ ရာဇဓိရာဇ်လမ်းနေ ဒေါ်မာဦးနေအိမ်မှာ ငှားရမ်းနေတဲ့ ဒေါ်ခင်စန်းဦး အသက် (၄၄) နှစ် ဒဏ်ရာတွေနဲ့ သေဆုံးနေကြောင်း ဒီဇင်ဘာ ၁၁ ရက်နေ့မနက်က အကြောင်းကြားချက်အရ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့မှူးအပါအ၀င် တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာမှာ နေအိမ်ရဲ့ ဘုရားခန်း ဝါးထရံကားထားတဲ့ နံရံကိုမှီပြီး နောက်ကျော ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲဘက်နံဘေးတွင် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပါးမှာ ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲနဖူးစပ် ပြတ်ရှ ဒဏ်ရာ ၁ ချက် စတဲ့ ဒဏ်ရာတွေနဲ့ အသတ်ခံထားရတာ တွေ့ရှိခဲ့တာပါ။
ညီမဖြစ်သူက အစ်မဖြစ်သူအသတ်ခံရမှုအား ဖော်ထုတ်အရေးယူပေးဖို့ တိုင်တန်းလို့ ဖျာပုံမြို့မ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ပြီး စုစမ်းစစ်ဆေးနေရာက ဒီနေ့မှာတော့ မသင်္ကာတရားခံ ငပိုင်ခေါ် ပိုင်ပိုင်ကျော်အား ဖမ်းဆီးမိခဲ့တယ်လို့ အမှုစစ် ဒုရဲအုပ် ဇော်ဟိန်းက ပြောပါတယ်။
“အခင်းဖြစ်တဲ့နေရာမှာ တယောက်နဲ့တယောက် လုံးထွေး သတ်ပုတ်ရင်းနဲ့ ဓားယူပြီး သေဆုံးသူကို ဓားနဲ့ထိုးတယ်။ ပထမဦးဆုံး လည်ပင်းကို ထိုးတယ်လို့ ပြောတယ်။ လည်ပင်းရယ်၊ ယာဘက် နို့အုံတို့၊ ဦးခေါင်း၊ ငယ်ထိပ်၊ ကျောကုန်းတို့ဘာတို့ကို ထိုးတယ်။ အားလုံး ဒဏ်ရာပေါင်း ၁၉ ချက်ဖြစ်ပါတယ်။ ပိုင်ပိုင်ခေါ် ငပိုင်ကို ဖျာပုံ ပြည်သူ့ဆေးရုံကြီးကို ခေါ်ပြီး ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ လုံးထွေးသတ်ပုတ်ထားတဲ့ဒဏ်ရာတွေ ဟုတ်မဟုတ်နဲ့ လူသတ်မှုကို အမှုတည်ဆောက်ပြီး ဖျာပုံခရိုင်တရားရုံးမှာ တရားစွဲဆိုသွားမှာဖြစ်ပါတယ်။”