မုန်တိုင်းငယ် အားကောင်းသော မုန်တိုင်းငယ်အဖြစ်ရောက်ရှိ
DVB
·
December 14, 2018
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြောက်- အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီးနောက် ပိုမိုအားကောင်းလာကာ အားကောင်းသော မုန်တိုင်းငယ်အဖြစ် ရောက်ရှိခဲ့ပြီလို့ မိုးဇလက ဒီနေ့မနက် ၇ နာရီ သတင်းထုတ်ပြန်ပါတယ်။
အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၅၆၀ လောက်၊ မာချီလီပတ္တနမ်မြို့ရဲ့ အရှေ့တောင်ဘက် ၆၅၅ မိုင်လောက်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကို မာလီမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် မိုင် ၄၁၀ လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။
ဒီနေ့ညနေထိ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ တိမ်အသင့် အတင့် ဖြစ်ထွန်းပြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်နဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၆ ပေမှ ၉ ပေခန့်ရှိနိုင်ပါတယ်။
နောက် ၂ ရက်အတွင်းမှာတော့ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်း၊ ရခိုင်နဲ့ ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမယ်လို့ ခန့်မှန်းထားပါတယ်။