Home
မြန်မာသတင်း
ပအိုဝ်းရွာသား ၅ ဦး အသတ်ခံရမှု အရေးယူပေးရန် ပအိုဝ်း ၂၃ ဖွဲ့ တောင်းဆို
နော်နိုရင်း
·
December 13, 2018
48275489_492834811210319_2402361558693838848_n
ပအိုဝ်းရွာသား ၅ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ - ရှမ်းပြည်တပ်မတော် (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ) အဖွဲ့ဝင်တွေကို အစိုးရက စုံစမ်းအရေးယူပေးဖို့ ပအိုဝ်းအဖွဲ့အစည်း ၂၃ ခုက စုပေါင်းတောင်းဆိုလိုက်ပါတယ်။ ပအိုဝ်းအဖွဲ့အစည်းများရဲ့ ပြောခွင့်ရသူ ခွန်ဇော်က “အဓိကကတော့ ဒီလက်နက်ကိုင်အဖွဲ့က အပြစ်မဲ့ပြည်သူလူထုတွေကို သူတို့သတ်ဖြတ်ကြတယ်။ သတ်ဖြတ်တဲ့အခါကျတော့ ကျနော်တို့အနေနဲ့ ဒါဟာ ရာဇဝတ်မှုမြောက်တဲ့ လူသတ်မှုဖြစ်တယ်လို့ ယူဆတယ်။ ရာဇဝတ်မှုမြောက်တဲ့ လူသတ်မှု ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြည်ထောင်စုအစိုးရကနေပြီးတော့မှ စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုလည်း ကျနော်တို့က တရားမျှတတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖြစ်ဖို့ ဖွဲ့စည်းရမယ်။ ပြီးတော့ အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးရမယ် ဆိုပြီးတော့ ကျနော်တို့ တိုက်တွန်းတာပါ။ ဘာဖြစ်လို့လဲဆိုတော့ အာစီအက်စ်အက်စ်ကလည်း အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတခု ဖြစ်တယ်ပေါ့” လို့ ပြောပါတယ်။ အာစီအက်စ်အက်စ်က အပြစ်မဲ့ဒေသခံ ပအိုဝ်းပြည်သူတွေကို သတ်ဖြတ်တာဟာ ရှမ်းနဲ့ ပအိုဝ်းလူမျိုးတို့အကြား ချစ်ကြည်ရင်းနှီးစွာ နေထိုင်လာတဲ့ သမိုင်းပုံရိပ်ကောင်းကို အလွန်ထိခိုက်စေပြီး အခုလုပ်ရပ်အတွက် အာစီအက်စ်အက်စ်မှာ အပြည့်အဝ တာဝန်ရှိတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲက ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာအုပ်စု၊ နမ်းဟူးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသား ၃ ဦးတို့ဟာ ကျေးရွာ ရေရရှိရေးအတွက် ရေပိုက်သွယ်ဖို့ ရေထွက်ဦးရှိရာကို သွားနေတုန်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ - ရှမ်းပြည်တပ်မတော် အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ ရဲ့ အဓမ္မ ဖမ်းဆီးခေါ်ဆောင်တာ ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဖမ်းခံထားရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှုးနဲ့ ရွာသားတွေကို လွှတ်ပေးဖို့ သွားရောက်ညှိနှိုင်းတဲ့ ရွာသားတွေကို အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ပစ်လို့ ခွန်တဦး၊ ခွန်တဝင်း၊ ခွန်တခဲ၊ ဖြားမူးနဲ့ ခွန်တသန်းတို့ ၅ ဦးဟာ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တယ်။ ဇော်ဇော်အောင်၊ ခွန်သူရနဲ့ ခွန်တလင်းတို့ ၃ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့လို့ ဆေးရုံတင် ကုသထားရတယ်လို့ ပအိုဝ်းအဖွဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ နမ်းဟူးရွာသား ၅ ဦးအား ပစ်သတ်ခဲ့တာဟာ သူတို့အဖွဲ့ဖြစ်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ - ရှမ်းပြည်တပ်မတော် အာစီအက်စ်အက်စ်/ အက်စ်အက်စ်အေ အဖွဲ့ ​တောင်​ကြီး ဆက်​ဆံ​ရေးရုံး တာဝန်​ခံ ဗိုလ်မှူးကြီး စိုင်းဦးက ဝန်ခံထားပြီး တပ်ဖွဲ့ဝင်တွေကို ဓားနဲ့ခုတ်ပြီး သေနတ်လုတဲ့အတွက် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ဒီကိစ္စကိုဖြေရှင်းဖို့ နည်းလမ်းရှာနေဆဲပဲလို့လည်း ဗိုလ်မှူးကြီး စိုင်းဦးက မနေ့တုန်းက ဒီဗွီဘီကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024