သမီးရည်းစားထံမှ အုပ်စုဖွဲ့လုယက်ခဲ့သူများကို ဖမ်းမိ
Aung Ko Latt
·
December 12, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်မှာ ဒီဇင်ဘာ ၆ ရက်ညက ချိန်းတွေ့နေတဲ့ သမီးရည်းစားထံမှ အုပ်စုဖွဲ့ ဓားထောက်လုယက်ခဲ့သူတွေကို ဖမ်းဆီးမိပြီလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီဇင်ဘာ ၁၁ ရက် ညက မုံရွာမြို့၊ ကန်သာယာမှာ ရန်ဖြစ်နေတဲ့အဖွဲ့ကို လှည့်ကင်းအဖွဲ့က ဖမ်းဆီးစစ်ဆေးရာကနေ ဓားထောက်လုယက်၊ လူခေါ်ဆောင်မှုပါ ပေါ်ပေါက်ခဲ့တာလည်း ဖြစ်ပါတယ်။
ခိုက်ရန်ဖြစ်ပွားသူတွေထဲက စည်သူစိုး၊ အောင်မျိုးမင်း၊ ကျော်ကျော်တိုး၊ မင်းချစ်ဇော်တို့ ဓားထောက်လုယက်မှုမှာ ပါဝင်တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပြီး သူတို့ရဲ့ ထွက်ဆိုချက်အရ နောက်ထပ် ပြည့်ဖြိုးမောင်၊ ခိုင်ဇော်ထွန်းနဲ့ ကောင်းခန့်ဟိန်းတို့ဖြစ်တယ်လို့ သိရတဲ့အတွက် လိုက်လံရှာဖွေ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ သက်သေခံပစ္စည်း သိမ်းဆည်းတာနဲ့ လိုအပ်တဲ့ ရဲလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်တာကြောင့် ရဲစခန်းက အသေးစိတ် ဖြေကြားခြင်း မရှိသေးပါဘူး။
မျက်နှာဖုံးအုပ်ထားတဲ့ ဓားထောက်လုယက်သူတွေက ပစ္စည်းတွေ ခြောက်လှန့်လုယက်တာတင်မက ထိုင်စကားပြောနေတဲ့ ကောင်မလေး ၂ ယောက်နဲ့ ကောင်လေး ၁ ယောက်ကိုလည်း လူပြတ်တဲ့ ကမ်းနားတနေရာကို ခေါ်သွားခဲ့ပြီး အမှောင်ထဲမှာ ၃ ယောက်လုံးကို ဒူးထောက်ခိုင်းကာ ဓားနဲ့ထိုး၊ ခြေထောက်နဲ့ကန်တာတွေ လုပ်ခဲ့တဲ့အတွက် ကောင်လေးမှာ မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
လုယက်ခဲ့တဲ့ လူငယ် ၇ ဦးဟာ အသက် ၁၃ နှစ်ကနေ ၂၀ အရွယ် ဝန်းကျင်တွေဖြစ်ပြီး မုံရွာမြို့မရဲစခန်းက (ပ)၁၈၀၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၃၄ ကြောက်အောင် ခြောက်လှန့်တောင်းယူမှုနဲ့ ဖမ်းဆီးအမှုဖွင့် အရေးယူထားခဲ့ပေမယ့် လက်ရှိမှာ ပုဒ်မ ၃၉၅ ဓားပြမှုနဲ့လည်း စစ်ဆေးနေတယ်လို့ သိရပါတယ်။