အွန်လိုင်းမဲစုကြေး ငွေသိန်းထောင်ချီလိမ်လည်ခံရသူများ သတင်းစာရှင်းလင်း
DVB
·
December 9, 2018
တောင်ကြီးမြို့နယ် ရွှေညောင်မြို့ အောင်သပြေရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတဦးက အွန်လိုင်းမဲစုကြေး သိန်းထောင်ချီလိမ်လည်သွားတဲ့အတွက် ခံရသူ အယောက် ၂ဝ ကျော်က ရှမ်းစာပေနဲ့ယဉ်ကျေးမှုခန်းမမှာ ဒီဇင်ဘာ ၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပါတယ်။
အဓိက ငွေကြေး လိမ်လည်သွားတဲ့အပြင် စုကြေးပါဝင်သူတွေကို ရိုင်းစိုင်းစွာပြောဆိုတာနဲ့ ဥပဒေ မထီမဲ့မြင် ပြုလုပ်တာကြောင့် သတင်းစာရှင်းလင်းပွဲ လုပ်ရတာလို့ ဆိုပါတယ်။
မဲတစုကို မက်လုံးပေးပြီး ပုံမှန်ရောင်းချတဲ့အတွက် မဲစုကြေးဝယ်သူ ပိုမိုများလာပြီးနောက် အခုလို လိမ်လည်သွားတာလို့ သိန်းတထောင်ကျော် လိမ်ခံရသူ အောင်သပြေမှ မသင်းမာအောင် က ပြောပါတယ်။
“မဲစလုပ်တာက ၅ လပိုင်းမှာ။ ၁ လကို ၅ သိန်းမြတ်တယ်ပြောတယ်။ အဲဒီကနေစပြီးတော့ သူက ပါဝင်ဖို့ပြောတယ်။ ၇ လပိုင်း ၁၅ ရက်နေ့မှာ ကျမတို့ ၁ စုလောက် စမ်းဝယ်လိုက်တယ်။ ထုတ်မယ့်ရက်မှာ အမြတ်ရော အရင်းရော သူထုတ်ပေးတယ်။ သိန်း ၅ဝ ဝယ်လို့ သိန်း ၇ဝ ရမယ်ဆိုရင်လည်း ၇ဝ လုံးကို သူပေးတယ်။ အဲဒီအချိန်မှာ ကျမတို့ကလည်း သူ့ကို တဖြည်းဖြည်းနဲ့ ယုံလာပြီး ဝယ်တာတွေက များလာတာပေါ့။ သူစပြီးလိမ်တာက ၁၁ လပိုင်း ၁၄ ရက်နေ့မှာ စပြီးမထုတ်ပေးတော့တာ။ ၁၅ ရက်နေ့မှာ သူ့အိမ်ကို သွားထုတ်တော့ သူ့မိသားစုတွေက သူမရှိဘူးလို့ ပြောတယ်။ ၁၆ ရက်နေ့မှာ သူ့အိမ်ကိုသွားတော့ သူ့အထက်ဒိုင် ပြေးတယ်ဆိုပြီးတော့ သူ့အမျိုးသားနဲ့အတူ ရက်ကုန်ကို လိုက်သွားမယ်ဆိုပြီး ခုချိန်ထိ ပြန်မလာတော့ဘူး။”
အလိမ်ခံရသူ မနန်းခမ်းဦးက “စစချင်း တစုနှစ်နှစ်စုဝယ်တယ်။ ရတော့မယ့်အချိန်ဆိုရင် သူက ဆွဲဆောင်တာပေါ့နော်။ ဒီလောက်ရမယ် ဒီလောက်တော့ဝယ်လိုက် အမှန်တိုင်းပြောရရင် ကိုယ်တွေလည်း လောဘတွေတက်ပြီးတော့ ဝယ်တာ၊ သူငယ်ချင်းအပေါင်းအသင်းတွေရော ပါကုန်တာပေါ့။ ညီမ အရင်းချည်းပဲ သိန်း ၁ ထောင်ကျော်လောက်ပါတယ်။” လို့ ပြောပါတယ်။
အောင်သပြေရပ်ကွက်နေ သိန်း ၄၀၀ ကျော် အလိမ်ခံရသူ မြတ်သွန်းမောင်က “မှန်မှန်ကန်ကန် တိတိကျကျ ကိုယ့်ပိုက်ဆံကိုယ်ပြန်လိုချင်တာ တကဏ္ဍရယ်၊ ငွေကြေးလိမ်လည်တဲ့ လူတိုင်းကို နိုင်ငံတော်ကနေ ဒီလိုပဲ ဆက်လွှတ်ထားဦးမလား၊ ပြင်းထန်တဲ့ ဥပဒေတခုကို ကျနော်တို့က သတ်မှတ်စေချင်တယ်။ အဲဒါကြောင်း သတင်းစာရှင်းလင်းပွဲ လုပ်ရခြင်းဖြစ်တယ်” လို့ ပြောပါတယ်။
ငွေကြေးကို နိုဝင်ဘာ ၁၅ ရက်နေ့က စတင်လိမ်လည်ခံရတာဖြစ်ပြီး အွန်လိုင်းမဲစုကြေး လိမ်လည်ခံရသူ ၇၉ ဦးရှိပါတယ်။ အဲဒီထဲက စုစုပေါင်း သိန်း ၅၂၀၀ ကျော် အလိမ်ခံခဲ့ရတဲ့ အယောက် ၂၀ ကျော်က ရွှေညောင် ရဲစခန်းမှာလည်း ပုဒ်မ ၆၆ (ဂ) နဲ့ အမှုဖွင့်ထားပြီးဖြစ်ပါတယ်။
လိမ်လည်ခံရသူတွေက တောင်ကြီးမြို့နယ် ရွှေညောင်မြို့ အောင်သပြေရပ်ကွက် နေထိုင်သူအပြင် မန္တလေး၊ ရန်ကုန်၊ မော်လမြိုင် စတဲ့ အခြားမြို့တွေလည်းပါတယ်လို့ သတင်းစာရှင်းလင်းပွဲ လုပ်သူတွေက ဆိုပါတယ်။