အလုပ်သမားဝန်ကြီး ခန့်အပ်ပေးရန် မန္တလေးတိုင်းမှ အလုပ်သမားများ ဆန္ဒပြ
DVB
·
December 9, 2018
အလုပ်သမားဝန်ကြီး ခန့်အပ်ပေးဖို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ်က ဦးဆောင်ကာ မန္တလေးတိုင်းဒေသကြီးအတွင်းက စက်ရုံအလုပ်ရုံ အလုပ်သမား ၆၀၀ ကျော် စုပေါင်းပြီး ဒီဇင်ဘာ ၉ ရက်နေ့မနက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
“ဒီနေ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ အလုပ်သမား အရေးမှာ ဖြေရှင်းပေးမှု အားနည်းတယ် လက်ရှိ အလုပ်သမားပြဿနာတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တက်လာပြီး နောက်ပိုင်း မပြေလည်တာများတယ်။ ဒါဟာ တိုင်းအလုပ်သမားဝန်ကြီး အားနည်းတယ်လို့ သုံးသပ်တယ်။ ဒါ့ကြောင့် အလုပ်သမားအရေး သီးသန့်လုပ်ဖို့အတွက် ဝန်ကြီးတယောက် ခန့်ထားပေးစေလိုတယ်” လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က ပြောပါတယ်။
သမဂ္ဂခေါင်းဆောင်တွေကို အလုပ်ထုတ်ပယ်မှု ရပ်တန့်ရေး၊ သမဂ္ဂဖြိုခွဲသူများ အလိုမရှိ၊ စက်ရုံအလုပ်ရုံများအား ဥပဒေနဲ့အညီ စစ်ဆေးပေးရေး၊ အဂတိလိုက်စားမှု ပပျောက်ရေး၊ ILO ပြဋ္ဌာန်းချက် (၉၈) အား အစိုးရက လက်မှတ်ရေးထိုးပေးရေး၊ အလုပ်သမား အငြင်းပွားမှု ဥပဒေ အမြန်ဆုံး ပြင်ဆင်ပေးရေး စတဲ့ ကြွေးကြော်သံတွေနဲ့ မနော်ရမ္မာန်ဟစ်တိုင်အထိ ချီတက်လမ်းလျှောက်ခဲ့ကြပါတယ်။
မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ သရပါ ဟိုတယ် အလုပ်သမားတွေ၊ အလုပ်ထုတ်ခံရမှု၊ မြန်မာမေကောင်း သစ်အချောထည်စက်ရုံ အလုပ်သမားတွေ အလုပ်ထုတ်ခံရမှု၊ မီကိုကော်ဖီစက်ရုံ အလုပ်သမားတွေ အလုပ်ထုတ်ခံရမှု၊ Ve Ve အချိုရည်စက်ရုံ အလုပ်သမားများ အလုပ်ထုတ်ခံရမှု စတဲ့ကိစ္စတွေကို တိုင်းဒေသကြီးအစိုးရအနေနဲ့ အမြန်ဆုံး ဖြေရှင်းပေးဖို့ မျော်လင့်နေကြပါတယ်။