လူကုန်ကူးမှုထဲ တရုတ်မယားအဖြစ် ရောင်းစားမှု အများဆုံးဖြစ်
DVB
·
December 9, 2018
လူကုန်ကူးမှုတွေထဲမှာ တရုတ်ပြည်ကို တရုတ်မယားအဖြစ် ရောင်းစားတဲ့အမှုကအများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းမှာ အမှုအများဆုံးဖြစ်ပွားတယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ၂၀၁၇ ခုနှစ်က လူကုန်ကူးမှု ၆၀ ထိဖြစ်ပွားခဲ့ပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်အထိ စာရင်းဇယားတွေအရ ၅၂ မှုဖြစ်ပွားခဲ့တယ်လို့ စာရင်းတွေအရ သိရပါတယ်။
လူကုန်ကူးမှုဖြစ်စဉ်တွေထဲမှာ တရုတ်ပြည်ကို တရုတ်မယားအဖြစ်ရောင်းချခံရတဲ့အမှုက ၃၂ မှုထိ ရှိခဲ့ပြီး တိုင်းဒေသကြီးတွေထဲမှာ ရန်ကုန်တိုင်းဒေသကြီးက လူကုန်ကူးမှု အများဆုံးဖြစ်ပွားတယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူး ခင်မောင်ကြွယ်က ပြောပါတယ်။
လူကုန်ကူးခံရသူ အမျိုးသမီးအများစုကို ခြုံငုံကြည့်ရင် ပညာအရည်အချင်း အားနည်းတာတွေ၊ အသိပညာဗဟုသုတမရှိသူတွေ၊ မိသားစု မလုံခြုံတဲ့သူတွေ အများဆုံးဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
လူကုန်ကူးမှုအများဆုံးက ရန်ကုန်တိုင်းဒေသကြီးမှာဖြစ်ပွားပြီး ဒုတိယအများဆုံးက ရှမ်းပြည်နယ်မြောက်ပိုင်း၊ တတိယက မန္တလေးတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့ဖြစ်ပါတယ်။
လူကုန်ကူးမှုခံရတဲ့ အမှုတွေမှာတော့ တရုတ်မယားအဖြစ် ရောင်းစားခံရတာ၊ ပြည်ပပြည့်တန်ဆာအဖြစ် ရောင်းချခံရတာနဲ့ လုပ်အားခေါင်းပုံဖြတ်တာတွေ လူကုန်ကူးခံနေရတယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြောပါတယ်။