သရပါဟိုတယ် အလုပ်ထုတ်ခံထားရသူများ အလုပ်ပြန်ရရေး ၄ ကြိမ်မြောက် ဆန္ဒပြ
DVB
·
December 9, 2018
ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံ သရပါ ဟိုတယ်အလုပ်သမားတွေဟာ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ခေါင်းဆောင်တွေ အလုပ်ပြန်လည်ရရှိရေးအတွက် ဒီဇင်ဘာ ၈ ရက်နေ့ ညနေပိုင်းမှာ ၄ ကြိမ်မြောက် ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဦးဆောင်သူ ဦးနေမျိုးဝင်းက ဒီဗွီဘီကို ပြောပါတယ်။
ပုဂံမှာ စီတန်းလှည့်လည်တာ ၃ ကြိမ်နဲ့ မန္တလေးမြို့မှာ ၁ ကြိမ် စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ပြီး မန္တလေးကို နောက်ထပ်တကြိမ် သွားရောက် ဆန္ဒဖော်ထုတ်ဦးမယ်လို့ ဆိုပါတယ်။
စီတန်းလှည့်လည်ဆန္ဒပြပွဲကို Bagan lodge hotel အရှေ့ဘက်ကိုက် ၁၀၀ အနီးမှ စတင်ပြီး ပုဂံမြို့သစ်လမ်းအတိုင်းမှ ခရီးသွားရုံးရှေ့ထိ ခြေလျင်၊ အဲဒီကတဆင့် မြင်းကပါ ပုဂံမြို့ဟောင်းလမ်းအတိုင်း ဆာကူရာဟိုတယ် မီးပွိုင့်ရှေ့အထိ ကားနဲ့၊ ပြီးနောက် မြို့ဟောင်းလမ်းအတိုင်း သရပါဟိုတယ် အရှေ့ဘက်မြင်းလှည်းဂိတ်အထိ ပုဂံဟိုတယ်ပေါင်းစုံက ဟိုတယ်ချစ်သူ အလုပ်သမားတွေအပါအ၀င် အင်အား ၁၅၀ လောက် စုပေါင်း ခြေလျှင် စီတန်းလှည့်လည်ခဲ့ပြီး သရပါဟိုတယ် အရှေ့ဘက်မြင်းလှည်းဂိတ်အနီးအရောက်မှာ ဦးဆောင်သူတွေ ဟောပြောတာတွေ ဆောင်ရွက်ခဲ့တာပါ။
သရပါ ဟိုတယ်မှ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ခေါင်းဆောင်တွေ ပြန်လည်ခန့်ထားရေး၊ ပုဂံဒေသခံများအပေါ် ကုတ်သွေးစုတ် အမြတ်ထုတ်သော ခရိုနီ လုပ်ငန်းရှင်များ အလိုမရှိ၊ သရပါ ဟိုတယ်မြေအငှားချထားမှုအပေါ် အစိုးရမှ ပြန်လည်စိစစ်ပေးရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဗီနိုင်းပိုစတာတွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
သရပါဟိုတယ်က ဧည့်သည်အဝင်နည်းလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝန်ထမ်း ၁၃၀ လောက်မှာ ၁၀ ရာခိုင်နှုန်းလျှော့တယ်ဆိုပြီး ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်နေ့က ဝန်ထမ်း ၁၂ ဦးကို လျှောပေါ့ရပ်နားလိုက်တာဖြစ်ပြီး အဲဒီအထဲမှာ အလုပ်သမားခေါင်းဆောင်တွေ ပါရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သရပါ ဟိုတယ်အနီးမှာ အထိုင်သပိတ်စခန်း ဖွင့်ခဲ့တာ ရက်ပေါင်း (၅၉) ရက် ရှိခဲ့ပြီ ဖြစ်ပါတယ်။
အဆိုပါ အလုပ်သမားကိစ္စတွေကို အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် လာရောက် ညှိနှိုင်းပေးခဲ့ရာမှာ အလုပ်သမားတွေက နစ်နာကြေးတွေ ပြန်လည်ပေးအပ်ပြီး အလုပ် ပြန်လည်ခန့်အပ်စေလိုကြောင်း တောင်းဆိုပြီး အလုပ်ရှင်ဘက်ကလည်း ပြန်မခန့်အပ်လို့ အဆင်မပြေခဲ့ကြောင်း သိရပါတယ်။
ကိုလင်း (ချောက်)