ပန်းတောင်းတွင် အမျိုးသမီးနှစ်ယောက် သေနတ်ဖြင့် အပစ်ခံရ
ပိုင်စိုး
·
December 8, 2018
ဒီနေ့ မနက်ပိုင်းက ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ထဲမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးနှစ်ယောက်ကို သေနတ်နဲ့ ပစ်ခံရပြီး တယောက်ကို ထိမှန်သွားတယ်လို့ ကူညီခဲ့သူတွေက ပြောပါတယ်။
မနက် ၁၁ နာရီခွဲလောက်က ဖြစ်ခဲ့ပြီး ဖြစ်စဉ်ကို စုံစမ်းနေတုန်းပဲလို့ ပန်းတောင်းရဲစခန်း တာဝန်ရှိသူတွေက ပြောပါတယ်။
ပြည်မြို့က မိုးမေတ္တာနာရေးကူညီမှုအသင်းကိုတော့ လေသေနတ်နဲ့ ပစ်ခံထားရတယ်ဆိုပြီး အကြောင်းကြားလာလို့ သွားရောက် သယ်ဆောင်ပေးခဲ့ပါတယ်။
ကူညီခဲ့သူ တယောက်က “အမျိုးသမီးနှစ်ယောက်က ပြည်ဘက်ကိုလာနေတာ၊ ပစ်သွားတာက ကမ္မဘက်ကို သွားနေတဲ့ ဆိုင်ကယ်ကနေ ပစ်တာ။ မောင်းလာတဲ့ အမျိုးသမီးကို ထိတယ်။ ဘယ်ဘက် ရင်အုံအပေါ်ဘက်မှာ လက်သန်းလောက် အပေါက်နှစ်ပေါက်တွေ့တယ်။ ကျောဘက်ကိုတော့ ပေါက်မသွားဘူး” လို့ ပြောပါတယ်။
အမျိုးသမီးတွေကို ပြည်မြို့ဆေးရုံကြီးကို ပို့ပေးခဲ့ပြီး ဒဏ်ရာရထားတဲ့ အမျိုးသမီးဟာ သတိရှိနေတယ်လို့လည်း သူက ပြောပါတယ်။
သူဟာ အသက် ၂၅ နှစ်အရွယ်လောက်ရှိပြီး ဒဏ်ရာတွေကြောင့် အော်ဟစ်နေသလို ပါလာတဲ့ အမျိုးသမီးကလည်း ငိုယိုနေတာကြောင့် တခြားအကြောင်းတွေ မေးမရခဲ့ဘူးလို့လည်း ကူညီခဲ့သူက ပြောပါတယ်။