သာစည်တွင် တရားမဝင် လူစုဆောင်း၍ တဖက်နိုင်ငံ ပို့သူ ၂ ဦးကို အမှုဖွင့်
DVB
·
December 7, 2018
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် သုံးပတ်လည်ရွာမှာ လူ ၂၈ ဦးကို တရားမဝင် လူစုဆောင်းပြီး အခကြေးငွေရယူကာ ပြည်ပနိုင်ငံ ပို့ဆောင်ပေးခဲ့သူကို အမှုဖွင့်လိုက်တယ်လို့ ဟံဇားရွာရဲစခန်းက ပြောပါတယ်။
ဟံဇားရွာရဲစခန်း ရဲအုပ်ထွန်းဦးက “ဦးအောင်သိုက်ပါ ၂၈ ဦးကို ထိုင်းနိုင်ငံထဲ တရားမဝင်ပို့ဆောင်ပေးလို့ အရေးယူတာပါ။ လူစုပြီးပြည်ပကိုပို့တာ။ တရားဝင်ခွင့်ပြုချက်ရယူဖို့ လိုပါတယ်။ ခွင့်ပြုချက်မရှိ လိုင်စင်မရှိဘဲ လုပ်ဆောင်ရင် ဒီဥပဒေပုဒ်မက အာမခံမရှိပါဘူး။ အပြစ်ကြီးပါတယ် မနေ့ကပဲ အလုပ်သမားဦးစီးမှူးက တရားလိုလုပ်ပြီး အမှုဖွင့်ပါတယ်” လို့ ပြောပါတယ်။
သုံးပတ်လည်ရွာနေသူ ကျော်ကျော်(ခ)တင်နန်း ဇော်ဝမ်းတို့နှစ်ဦးက တရွာတည်းနေ ဦးအောင်သိုက်ပါ ၂၈ ဦးကို နယ်ကိုယ်စားလှယ် ခွင့်ပြုချက်မရှိဘဲ အခကြေးငွေရယူပြီး လူစုပေးကာ ထိုင်းနိုင်ငံကို ပို့ဆောင်ခဲ့တာပါ။
အလုပ်သမားညွှန်ကြားမှု ဦးစီးမှူး ဒေါ်နီနီခိုင်က “ထိုင်းဘက်က မြဝတီကိုပြန်ပို့လာတဲ့ လူတွေကို စစ်ဆေးမေးမြန်းတယ်။ အဲလူတွေရဲ့ ထွက်ဆိုချက် ပေါ်ပေါက်ချက်အရ အမှုဖွင့်လိုက်တာပါ” လို့ ပြောပါတယ်။
ဒေသခံဦးသန်းက “ဘာအထောက်အထားမှ မရှိတော့ အဲလူတွေကို ထိုင်းဘက်က ပြန်ပို့တယ်။ ဘယ်လိုရောက်လာတာလဲဆိုပြီး မီးခိုးကြွက်လျှောက် လိုက်တော့ ပေါ်လာတာပေါ့။ ရွာမှာ လယ်စိုက်ဖို့တောင် အလုပ်သမား အတော်ရှားနေပြီ” လို့ ပြောပါတယ်။
ဟံဇားရွာရဲစခန်းက ကျော်ကျော်(ခ)တင်နန်းနဲ့ ဇော်ဝမ်းတို့ ၂ ဦးကို ထောင်ဒဏ် ၇ နှစ် အထိ အပြစ်ပေးနိုင်တဲ့ ပြည်ပအလုပ်အကိုင် ဥပဒေဆိုင်ရာ ပုဒ်မ-၂၆ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။
သတင်း-မောင်မောင်လင်း