နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်၍ MPT အခွန်ဆောင်စာရင်း၌မပါဝင်
အာကာ
·
December 7, 2018
MPT ဟာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့အတွက် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေကိုပဲ ကြေညာတဲ့ အခွန်ပေးဆောင်တဲ့ စာရင်းမှာမပါတာလို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောပါတယ်။
ဒီဇင်ဘာ ၆ ရက် ပြည်ထောင်စုလွှတ်တော် မှာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဒုတိယ ၆ လပတ် အခွန်ရငွေစာရင်းနဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ ဆက်သွယ်ရေး အော်ပရေတာတွေဖြစ်တဲ့ MPT၊ Telenor၊ Ooredoo တို့ရဲ့ ကုန်သွယ်လုပ်ငန်းခွန်နဲ့ ၀င်ငွေခွန်ပေးဆောင်မှုမှာ MPT မပါတဲ့အပေါ် ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က မေးခွန်းထုတ်ခဲ့တာပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က “MPT က နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းပါ။ ကျနော်တို့ကြေညာတယ်ဆိုတာ ပုဂ္ဂလိကကဏ္ဍကို ကြေညာတာ။ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းကို ကြည့်လိုက်ရင်တော့ပါတာပေါ့။ ပုဂ္ဂလိကကို ကြေညာတဲ့ထဲမှာ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကို ထည့်ကြေညာတဲ့ထဲမှာ မပါဘူး။ လွှတ်တော်ကိုယ်စားလှယ်က အဲဒါကို အယူအဆများ တမျိုးဖြစ်လား မသိဘူး” လို့ ပြောပါတယ်။
ဆက်သွယ်ရေးအော်ပရေတာတွေနဲ့ ကုန်သွယ်လုပ်ငန်းခွန်ထိပ်တန်းပေးဆောင်တဲ့ဇယားမှာ တယ်လီနော်က ကျပ်ဘီလီယံ ၅၀ ကျော်နဲ့ နံပါတ်တစ်၊ အော်ရီဒူးက ကျပ်ဘီလီယံ ၅၀ အောက်နဲ့ နံပါတ်နှစ်ဖြစ်ပေမယ့် MPT နဲ့ မိတ်ဖက်ကုမ္ပဏီ KDDI က စာရင်းထဲမှာ ပါဝင်ခြင်းမရှိပါဘူး။
ဒါ့အပြင် ၀င်ငွေခွန်ပေးဆောင်တာမှာလည်း တယ်လီနော်က ကျပ်ဘီလီယံ ၈၀ ကျော် ပေးဆောင်ထားပြီး MPT ရဲ့ မိတ် ဖက် KDDI ကုမ္ပဏီက ကျပ်ဘီလီယံ ၃၀ အောက်သာ ပေးဆောင်ထားတယ်လို့ ဆိုပါတယ်။